
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလမ်း၊ တံတားဖောက်လုပ်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
ဟိုပန်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော ကျယ်ပန်ကျိုင်း- ကောင်းပျက် - အိုက်ကျော်ပါး ကျေးရွာချင်းဆက်မြေသားလမ်းဖောက်လုပ်ခြင်း အရှည်လေးမိုင်နှင့် အဆိုပါ လမ်းပေါ်တွင် Box Culvert ရှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၁-၂၀၂၃ ဘဏ္ဍာနှစ် တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၁၂ ဒသမ ၀၆၁ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက် မြေသားလမ်း၊ တံတား ဖောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက နယ်စပ်ဒေသတောင်ပေါ်ကျေးရွာများမှ ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စွာ ဟိုပန်မြို့နှင့် အခြားမြို့များသို့ သွားလာနိုင်တော့မည် ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

