ကျောက်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

   ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်၊ မန်လွယ်လမ်းခွဲမှ တောင်ကျော်ကျေးရွာထိ ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
    ထိုသို့စစ်ဆေးရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၄၇ ဒသမ ၄၅၁ သန်းဖြင့် ဆောင်ရွက်သည့် နမ့်ဆန်မြို့နယ်၊ မန်လွယ်လမ်းခွဲမှ တောင်ကျော်ကျေးရွာထိ ကျောက်လမ်းခင်းခြင်း အရှည် ၁ မိုင် ၆ ဖာလုံ လုပ်ငန်းဆောင်ရွက်နေမှုကို စစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    နမ့်ဆန်မြို့နယ်၊ မန်လွယ်လမ်းခွဲမှ တောင်ကျော်ကျေးရွာထိ ကျောက်လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ ရာသီမရွေးသွားလာအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph