
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၃၂ ဒသမ ၆၅၆ သန်း အကုန်အကျခံကာ ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ပန်ဝိုင်ကျေးရွာအုပ်စု ဝမ်ကောင်း(ရှမ်း)-ဝမ်ကောင်း(လားဟူ)-နားဖား-နမ့်မူ(အောက်/ထက်)-နမ့်ဘော်-ဟိုနမ့်-ဟိုတုံ ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ၁၉ မိုင်ပေါ်မှ ၈ မိုင် ဆောင်ရွက်ပြီး ကျန်ရှိသည့် ၁၁ မိုင်မှ ၃ မိုင်အား တင်ဒါအောင်မြင်သည့် Win & Daughter ကုမ္ပဏီမှ ဇူလိုင်လတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရန်အတွက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ ၁၇ ရွာမှ ဒေသခံပြည်သူများ မိုင်းပျဉ်းမြို့သို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။



