ခေါင်လန်ဖူး ဇူလိုင် ၁၄
ခေါင်လန်ဖူးမြို့နယ်အတွင်း ရိက္ခာပြတ်လပ်နေသော ကျေးရွာအုပ်စု (၁၂) အုပ်စုအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ထောက်ပံ့ခဲ့သည့် ဆန်အိတ် ၁၀၀၀ မှ ဆန်အိတ်လုံး ရေ ၈၀၀ အား သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ ခေါင်လန်ဖူးမြို့နယ် မြို့နယ်ခန်းမဆောင်၌ ထုတ်ပေး လျက်ရှိသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ရိက္ခာပြတ်လပ်မှုကြုံတွေ့နေသည့် ထဖုံး၊ ရပ်မား၊ နန်ချိန်၊ ရှီလာဒမ်း ကျေးရွာအုပ်စုများသို့ မြစ်ကြီးနား-ချီဖွေ-ဆော့လော်- နမ်ဆယ်-တထုံဇင် ကျေးရွာလမ်းကြောင်းမှ ကားဖြင့် ဆန်အိတ်လုံးရေ ၂၀၀ ကို သယ်ယူပို့ဆောင် ပေးခဲ့ပြီးဖြစ်ရာ ညီဝမ်ထန်၊ ရနင်ထီ၊ ဇန်ယော့၊ ချီထုဖန်၊ ရမန်ချီ၊ ဇီးထန်၊ ဒါလန်၊ လာထားကော် ကျေးရွာအုပ်စုများသို့ ပူတာအိုမှ-ဖူလွမ်းသို့ ကားဖြင့်သယ်ကာ ဖူလွမ်း-ထလားလော်-ခေါင်လန်ဖူး-လမ်းကြောင်းမှ ကားဖြင့် နှစ်လကြာ ဆန်အိတ်လုံးရေ ၈၀၀ ကို သယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆန်အိတ်များ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိ သည်နှင့် ဇွန် ၂၅ ရက်က စတင်ကာ ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည့် လာထားကော်ကျေးရွာကို စတင်ထုတ်ပေးခဲ့ပြီး ယနေ့အထိ ညီဝမ်ထန်၊ ရနင်ထီ၊ ဇန်ယော့၊ ချီထုဖန်၊ ရမန်ချီ၊ ဇီးထန်နှင့် ဒါလန်အုပ်စုများကို ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ငြိမ်းအိအိဖြိုး (ပြန်/ဆက်)