ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ကလေး ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာ စာသင်ကျောင်းဆောင် သစ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း နယ်စပ် ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်ကို နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၉ ဒသမ ၄၀ သန်းဖြင့် အလျားပေ ၁၂၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိသော RCC (၂) ထပ် စာသင်ကျောင်းဆောင်တွင် ရေ၊ မီးနှင့် မိလ္လာ များအပါအဝင် ဆောက်လုပ်ပြီးဖြစ်ပါကြောင်း၊ အင်ဒိုင်းကြီးကျေးရွာ အထက်တန်းကျောင်းသို့ တက်ရောက်ကြသည့် ကျေးရွာများမှာ အင်ဒိုင်းလေး၊ ကျီးကုန်း၊ နတ်ကြီးကုန်း၊ မော်လိုက်ကလေး၊ ကျောက်ကာကျေးရွာနှင့် စကခ(၁၀)မှ တပ်ရင်းအဖွဲ့ဝင် မိသားစုများ အပါအဝင် ကျောင်းသား ကျောင်းသူ ၉၇၀ တက်ရောက်လျက်ရှိပါကြောင်း ညွှန်ကြားရေး မှူး ဦးအောင်တင်ကျော်က ပြောကြားသည်။

အင်ဒိုင်းကြီးကျေးရွာ စာသင်ကျောင်း ဆောင်သစ် ဆောက်လုပ်မှုပြီးစီးသည့်အတွက် ကျေးရွာ ခြောက်ရွာမှ အိမ်ထောင်စု ၁၈၃၃ စု၊ လူဦးရေ ၈၇၇၉ ဦးတို့အတွက် အကျိုးပြုမည် ဖြစ်ပါကြောင်း၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများအား ညွှန်ကြား ရေးမှူး ဦးအောင်တင်ကျော်သည် အငယ်တန်း အင်ဂျင်နီယာ-၂ ဦးဇော်မင်းထိုက် လိုက်ပါ လျက် အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း သိရသည်။

မွှေးကြူဇင်