ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ဗဟုံး-ကျေးကတော့ကျောက်ချောလမ်းဖွင့်

နေပြည်တော်၊ မေလ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဗဟုံး-ကျေးကတော့ ကျောက်ချောလမ်း (၅/၀) မိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
    ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်မှ အဖွင့်အမှာ စကားပြောကြားပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတောင်ကြီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်မှ အဆိုပါလမ်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူလူထုကိုယ်စားလှယ် ဦးမောင်မောင်စီရန်မှ ကျေးဇူးတင် စကားပြောကြားပါသည်။
    ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောချစ်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်၊ ကယားငြိမ်းချမ်းရေးအဖွဲ့အစည်းမှ ဦးဂေဂေါ်ရီ၊ ကျေးကတော့ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက် လိုက်လံကြည့်ရှုကြပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူ လူထုနှင့် လက်တွဲဆောင်ရွက်လျက်ရှိရာ ယခုဖွင့်လှစ်သည့် ဗဟုံး-ကျေးကတော့(၅/၀) မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျောက်ချောလမ်း ပြီးမြောက်သည့်အတွက် ဒေသနေပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများအတွက် ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ပါသဖြင့် ဒေသခံပြည်သူများမှာ အထူးဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Post Paragraph