ကသာမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

ဒီဇင်ဘာလ ၂၁ ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကသာမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးငယ်များအား ဒီဇင်ဘာလဆန်းမှစ၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) ကို ဖွင့်လှစ်ပို့ချလျက်ရှိသည်။
  အဆိုပါသင်တန်းကို နယ်စပ်ဒေသရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်း ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊ အိမ်တွင်းမှု ပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေးဘက်စုံ တိုးတက်၍ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်သည်။
     အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) ကို ၁၈ ပတ်ကာလကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသူအနေဖြင့် စုစုပေါင်းလူဦးရေ ၄၀ ဦး တက်ရောက်ပညာ သင်ယူလျက်ရှိကြောင်း ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သိရသည်။