ကုန်းကြမ်းမြို့နယ်ရှိ ရှားယွီထန်- ရှန်ယွီထန် ကျေးရွာချင်းဆက်ကျောက်ချောလမ်း ၄၀ ရာခိုင်နှုန်းပြီးစီး

ကုန်းကြမ်း၊ ‌ဒေသဖွံ့ဖြိုးရေး
    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်ရှိ ရှားယွီထန်-ရှန်ယွီထန် ကျေးရွာချင်း ဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ၄၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်သော ရှားယွီထန်-ရှန်ယွီထန် ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်းခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၁၂ ဒသမ ၇၄၃ သန်း ဖြင့် တင်ဒါအောင်မြင်သည့် Civil Crown ကုမ္ပဏီက ယခုနှစ်ဇူလိုင်လက လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၄၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။
    “ကုန်းကြမ်းမြို့နယ် တောင်ပေါ်ကျေးရွာတွေက ဒေသခံပြည်သူတွေ ရာသီမရွေးသွားလာ အသုံးပြုနိုင်စေဖို့အတွက် ကျေးရွာချင်းဆက်မြေသားလမ်းတွေကို ကျောက်ချောလမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ပေးတာပါ။ နယ်စပ်ဒေသမှာရှိတဲ့ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လာတဲ့အတွက်  ဒေသခံပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့လည်း အကျိုးပြုစေမှာဖြစ်ပါတယ်”ဟု ဦးကျော်စွာဝင်းက ပြောသည်။
    ကျေးရွာချင်းဆက် မြေသားလမ်းကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၄ လက်မ ဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါ အဆိုပါ ကျေးရွာများမှ ထွက်ရှိသော စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများကို လွယ်ကူစွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။