လွိုင်ကော်မြို့၌ မထောခူ(ထက်) အခြေခံပညာမူလတန်း‌ကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်

   လွိုင်ကော်မြို့ မထောခူကျေးရွာအုပ်စု မထောခူ(ထက်)အခြေခံပညာ မူလတန်းလွန်ကျောင်း အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဆောင်ရွက်ခဲ့သည်။
    အခမ်းအနားတွင် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင်က နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်းနှင့်ပတ်သတ်သည့် အထောက်အထားစာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူး ‌ဒေါက်တာကျော်လွင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
    အဆိုပါအခမ်းအနားတွင် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ပညာ‌ရေးမှူး၊ ဂျပန်နိုင်ငံ နိပွန်ဖောင်‌ဒေးရှင်းစေတနာအဖွဲ့မှ တာဝန်ရှိသူများ၊ မထောခူ(ထက်) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့တို့ ပူးပေါင်း၍ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း (EPD) စီမံကိန်းကို ကယားပြည်နယ်အတွင်းတွင် ၂၀၁၈ ခုနှစ်မှစတင်၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph