မိုးရနံ့သင်းသင်း သီတဂူစက္ခုအလင်းနှင့် နာဂဒေသဖွံ့ဖြိုးရေးမြင်ကွင်း (၂)

မိုးရနံ့သင်းသင်း   သီတဂူစက္ခုအလင်းနှင့် နာဂဒေသဖွံ့ဖြိုးရေးမြင်ကွင်း (၂)
နာဂဒေသ
    စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ဧရိယာကြီးမားကျယ်ပြန့်သောဒေသကြီးဖြစ်ပါသည်။ အချို့ဒေသများ၌ တောတောင်ထူထပ်ပြီး မြစ်ချောင်းများနှင့် သဘာဝအတားအဆီး များပြားသဖြင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့ရလေသည်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံအဆောက်အဦ ကောင်းမွန်မှုနှင့် များစွာ သက်ဆိုင်ဆက်နွယ်လျက်ရှိပါသည်။ သယ်ယူပို့ဆောင်ရေး လျင်မြန်သွက်လက်စေရန် လမ်းများ၊ တံတားများ ကောင်းမွန်၍ ရာသီမရွေးအသုံးပြု သွားလာနိုင်ရန်လည်း အရေးကြီးလှပေသည်။ 
    စစ်ကိုင်းတိုင်းဒေသကြီး၏ ခန္တီးမြို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက်မြို့ ဖြစ်ပြီး ဒေသတွင်းရှိ အဓိကမြို့ကြီးတစ်မြို့လည်းဖြစ်၏။ ခန္တီးလူဦးရေ အများစုသည် နာဂတိုင်းရင်းသားများဖြစ်ကြ၏။ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစားလာရောက်လေ့ရှိသည့် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကျင်းပရာ လဟယ်မြို့သို့ သွားရောက်နိုင်သည့် တစ်ခုတည်းသော ဂိတ်ဝမြို့လည်း ဖြစ်ပါသည်။
    လဟယ်မြို့သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အိန္ဒိယနယ်စပ်တွင် တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်း စတုရန်းကီလိုမီတာ ၃၁၉၄.၃ ရှိ၏။ 
    နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၄၃၁၃ ပေရှိသော လဟယ်မြို့သည် တောင်ပေါ်ဒေသဖြစ်သော်လည်း မြေပြန့်လွင်ပြင်များလည်း တည်ရှိနေပါသည်။ လဟယ်မြို့၏ အရှေ့တောင်ဘက်တွင် ခန္တီးမြို့၊ အရှေ့ မြောက်ဘက်တွင် နန်းယွန်းမြို့၊ အနောက်တောင်ဘက်တွင် လေရှီးမြို့၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ ရှိပါသည်။ 
    နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်ဟူ၍ မြို့နယ် ၃ ခုနှင့် ထန်ပါခွေ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံးဟီးမြို့များပါဝင်၏။ ကျေးရွာအုပ်စု ၁၁၆ အုပ်စု၊ ကျေးရွာပေါင်း ၂၂၆ ရွာတို့ဖြစ်ပြီး လူဦးရေ ၁၃၇၈၆၁ ဦးခန့်နေထိုင်ကြပါသည်။  
    ယခင်က လိုင်းနောင်နာဂရွာဖြစ်သော “လားဟယ်”ရွာကို မြို့အဖြစ် ၁၉၄၇ ခုနှစ်မှာ စတည်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းဝင်မြို့နယ် ဖြစ်လာခဲ့ပါသည်။ ရွာတည်ထောင်သူ စော်ဘွား “အီနွယ်လားဟိုင်း”ကို အစွဲပြုပြီး ခေါ်ဝေါ်လာခဲ့ရာမှ “လဟယ်”မြို့ဟု အမည်တွင်လာ ကြောင်းဆိုကြပါသည်။ 
    တောင်တန်းဒေသဖြစ်သည့်အားလျော်စွာ နာဂဒေသသို့ ကုန်းကြောင်းမှ မော်တော်ယာဉ်/ ဆိုင်ကယ်တို့ဖြင့် သွားလာသည့်အခါ တောင်စဉ်၊ တောင်တန်းမြင့်မားသော တောင်ထွတ်များစွာကို ဖြတ်ကျော်သွားလာမှသာ လိုရာခရီးရောက်နိုင်ပါသည်။
    ခန္တီးမှ လဟယ်သို့ သွားလာရာလမ်းတွင်လည်း နာဂတောင်တန်းများထဲမှ အမြင့်ဆုံးဟု မဆိုသာ သော်လည်း မြင့်မားလှသည့် ထိန်ညိုတောင် (အမြင့်ပေ ၄၉၉၇ ပေ) အား မဖြစ်မနေဖြတ်ကျော်ကြရ သည်။ သွားလာရာ လမ်းတစ်လျှောက် မှိုင်းညို့အုံ့ဆိုင်း မြူတွေဆိုင်းနေသည့် နာဂတောင်တန်း၏ ရှုခင်းအလှ သဘာဝများစွာကိုလည်း ကြည့်ရှုခံစားသွားလာနိုင်ပေ၏။
တစ်ချိန်က နာဂဒေသ
    စာရေးသူတို့ “နတလ”တွင် ညွှန်ကြားရေးမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူး တင်မောင်အေးက ၁၉၉၆-၁၉၉၇ ခုနှစ် ကာလဝန်းကျင်သူ နာဂဒေသတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် နာဂဒေသ ကွင်းဆင်းမှုအခြေအနေအကြောင်းကို ကိုယ်တွေ့အမှတ်တရအဖြစ် -
        “ပထမဆုံး သွားခဲ့ရတာလေးအမှတ်ရမိ။ လဟယ်ပဲတက်တက်၊ လေရှီးပဲတက်တက်၊ ခြေလျင် ခရီးနဲ့ ချီလေတဲ့ချီလေဘဲမိခဲ့တာပါ။ တောင်တက်တောင်ဆင်း မတ်စောက်၊ လမ်းတွေက မိုးရွာလျှင်ဗွက်ပေါက်။  ခန္တီးကနေ ချင်းတွင်းမြစ် အနောက်ဘက်ကို လှေနဲ့ကူး။ ဆင်သေဆိုတဲ့ လားတရုတ်များရဲ့ ရွာကိုရောက်။ ဆန်အရက်ချက်တဲ့ စိမ်ရည်နံ့လေးက တသင်းသင်း။ ရှမ်းမြောက်က ရှမ်းတရုတ်ရွာလေးတွေ ရောက်သွားသလို ခံစားရတယ်။ 
    ဆင်သေရွာကနေ ကျနော်နဲ့ လက်ထောက်ညွှန်မှူး ဗိုလ်ကြီးကြင်ဆိုင်နှစ်ယောက် ထော်လာဂျီ ဖြင့် ချီတက်ကြပါတယ်။ 
    လမ်းမှာ နန့်စလိမ်ချောင်းကိုဖြတ်။ မိုးတွင်းမှာ ချောင်းကူးဖို့ ကြိုးတံတားတစ်စင်းကို ခေတ်အဆက်ဆက် ဆောက်ခဲ့ကြတာ။ ကြိုးတံတားရဲ့အမြင့်က ပေလေးဆယ်လောက် ရှိမယ် ထင်ပါတယ်။ မိုးတွင်းမှာဆိုလျင် ချောင်းရေက ပေလေးဆယ်နီးပါးလောက်ရှိတယ်လို့ ဆိုလို တာပေါ့။ နွေမှာတော့ ဒူးခေါင်းသာသာ လောက်ပါ။ 
    နာဂ တံတားကျွမ်းကျင်သူတွေ ထိုးထားတဲ့ သံမပါ မျောတံတားလေးတစ်စင်းခင်းထားသဗျ။ ထော်လာဂျီတို့ ဆိုင်ကယ်တို့လောက် ဖြတ်မောင်းနိုင်သပေါ့လေ။ ချောင်း ဒီဘက်ကမ်းမှာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းဇရပ်ကြီးတစ်ခုတွေ့ပါတယ်။ ဦးနုလက်ထက်ကတည်းက ဆောက်ထား တာတဲ့။ ခရီးသွားများ တထောက်နားနေရန်ပေါ့။ လမ်းမှာလည်း နှစ်နေရာလောက် ဇရပ်တွေ ဆောက်ထားတာတွေ့ရပါတယ်။
နန့်စလိမ်ချောင်းကျော်တာနဲ့ ထိန်ညိုတောင်ကို စတက်ပါပြီ။ တောင်အလယ်လောက်ရောက်တော့ နေညိုပါပြီ၊ မိုးလေးကလည်း တစိမ့်စိမ့်လုပ်လာပါပြီ။ ထိန်ညိုတောင်ဟာ နာဂတောင်တန်း ရဲ့ နာမည်ကျော် စာရာမေရိတောင်နဲ့ တစ်ဆက်တည်းပါ။ ရာသီဥတုကောင်းရင် စာရာမေရိ တောင်ထိပ်ကို မှုံပြပြလှမ်းမြင်ရသဗျ။
မိုးတစိမ့်စိမ့်နဲ့ တောင်တက်ရတာ အင်မတန် အန္တရာယ်တော့အများသား။ ရုန်းရင်းကန်ရင်း ထော်လာဂျီက စောင်းလိုက် နောက်ပြန်လိမ့်လိုက်၊ စက်သံကလည်း ငယ်သံပါနေပြီ။ စက်မောင်းကို စက်သီးဆွဲကြိုး winch နဲ့ ဆွဲစမ်းကွာလို့ ခိုင်းတော့ဆွဲသဗျ။ တက်တော့တက်၊ ရုန်းတော့ရုန်း၊ ဒါပေသည့်  ရွှံထဲမှာ ဘယ်ညာလူးလူးပြီး ဘေးက ကမ်းပါးရံတွေကို ဘော်ဒီနဲ့ ပြေးပြေးရိုက်။ မဖြစ်ချေ လမ်းလျှောက်မှ  သင့်မည်လို့ဆုံးဖြတ်ပြီး၊ ကျနော်နဲ့ မောင်ကြင်ဆိုင် နှစ်ယောက်သား ကိုယ့်အိတ်ကိုယ်ဆွဲ၊ ညမှောင်မှောင် လမှောင်မှောင်ဝယ် night move လုပ်ကြလေ၏။
လဟယ်ကို ရောက်ဖို့ဆိုလျှင် လမ်း တစ်လမ်းပဲ ရှိတယ်။ အဲဒီလမ်းက ခန္တီးမြို့နဲ့ ဆက်သွယ် ထားတယ်။ ဒီလမ်းဟာ မိုးရာသီဖြစ်တဲ့ ဇွန်ကနေ စက်တင်ဘာအတွင်းမှာ သွားလာလို့မရ ပါဘူး။ ကျန်တဲ့အချိန်တွေမှာတော့ ဒေသတွင်း သွားလာဖို့အတွက် မော်တော်ဆိုင်ကယ်တွေ ကိုသာ အားကိုးနေရတာပါ။ လမ်းအခြေအနေဟာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေနဲ့ စိတ်ကူး နဲ့တောင် နှိုင်းယှဉ်လို့ မရအောင် ဆိုးရွားလှပါတယ်။ မြေပြို၊ တောင်ကြားလမ်း တစ်လျှောက် လမ်းချော်မှုတွေနဲ့ ကြုံရင် နာရီနဲ့ချီပြီးကြာအောင် ပိတ်နေတတ်တဲ့လမ်းပါ။ နွေရာသီမှာ လေးဘီးယက် အမြင့်ကားတွေ၊ ပစ်ကပ်ကားတွေ သွားလို့ရနိုင်ပေမဲ့ မော်တော်ဆိုင်ကယ်ကို သုံးခြင်းဟာ နာဂဒေသအတွက်တော့ လက်တွေ့ပိုကျပါတယ်။ 
လဟယ်ကနေ ခန္တီးကိုသွားတဲ့ ခရီးလမ်းဟာ မိုင် ၅၀ ကျော်သာ ရှိပေမယ့် အဲဒီလို ခက်ခက်ခဲခဲ သွားလာရတာကြောင့် တစ်ရက်နီးပါး ကြာတတ်ပါတယ်။” ဟုပြောပြခဲ့ရာ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးအပေါ် နယ်စပ်ရေးရာ ဝန်ကြီးဌာန အရာထမ်း/အမှုထမ်းများ၏ ပေးဆပ်မှု၊ တာဝန် ကျေပွန်မှု၊ အလေးထားမှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါသည်။
နာဂဒေသဖွံ့ဖြိုးရေးမြင်ကွင်း
    ယခုအခါ နိုင်ငံတော်သည် ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ ခန္တီးခရိုင်အတွင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဒေသခံတိုင်းရင်းသား ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသော လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံအဆောက်အဦဖြစ်သည့် လမ်းသစ်များ ဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်းနှင့် ရှိပြီးသားလမ်းတံတားများကို အဆင့်မြှင့်တင် တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အထက်ချင်းတွင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ချင်းတွင်းမြစ်ကူး တံတားကြီးတွေဖြစ်သော  ချင်းတွင်းတံတား (ကလေးဝ)၊ ချင်းတွင်းတံတား (ဟုမ္မလင်း) နှင့် ချင်းတွင်းတံတား (ခန္တီး) တို့ကို အချိန်တိုအတွင်း ပြီးစီးအောင် တည်ဆောက်ပေးခဲ့သည်။ ယခုအခါတွင်လည်း ချင်းတွင်းတံတား (ထမံသီ) ကိုလည်း ဆက်လက်တည်ဆောက် ပေးလျက်ရှိပါသည်။ 
    အဆိုပါတံတားပြီးစီးသွားပါက ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် မြို့များနှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ လေရှီး၊ ဆွမ္မရာဒေသမှ ဒေသခံပြည်သူများ ခရီးသွား လာမှု မြန်ဆန်ကောင်းမွန်ပြီး သွားလိုသည့် ဒေသများသို့ အချိန်တိုအတွင်း ဘေးအန္တရာယ် ကင်းရှင်း စွာဖြင့် လွယ်လင့်တကူ သွားလာနိုင်တော့မည်ဖြစ်ပါသည်။
နန့်စလိန်ချောင်းကူးတံတားဖွင့်ပွဲ
    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် အရှည် ၃၅၀.၄၅ ပေ၊ အကျယ် ၃၀.၅ ပေ၊ ကင်းလွတ် အမြင့် ၃ ပေနှင့် တံတားခံနိုင်ဝန်တန် ၆၀ ရှိသည့် နန့်စလိန်ချောင်းကူး တံတားအား အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပေပြီ။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။ ဤနန့်စလိန်တံတားသည် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၂၄/၄ မိုင်ပေါ်တွင် တည်ရှိနေပါသည်။ နိုင်ငံတော်က ငွေကြေးအမြောက်အများအကုန်အကျခံကာဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုများ နှင့်အညီ အဆင့်အတန်းမီမီ ဤတံတားကြီး ကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။ 
    ယခင်က သံမဏိဘောင် ကြိုးတံတားကို ၂၀၀၈ ခုနှစ်မှာ တည်ဆောက်ပေးခဲ့ပြီး နှစ်ကာလ ကြာရှည်ခြင်းကြောင့်လည်းကောင်း၊ သံမဏိဘောင် ကြိုးတံတား၏ တံတားခံနိုင်ဝန် အားနည်းလာသည့်အတွက်ကြောင့်လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ အခိုင်အမာသံကူကွန်ကရစ်တံတားကြီးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၆၀၀ ဖြင့် ၇-၄-၂၀၁၉ ရက်နေ့မှ စတင်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ၃၀-၉-၂၀၂၁ ရက်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ပါသည်။
    တံတားကြီးပြီးစီးသွားပြီဖြစ်သဖြင့် နာဂဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ တံတားကြီးပေါ်မှ ဖြတ်သန်းလျက် မိမိတို့လိုရာခရီးကို အချိန်တိုအတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လွယ်လင့်တကူ သွားလာနေကြပြီ ဖြစ်ပေသည်။
    သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း- ခန္တီးလမ်း၊ ခန္တီး-ဆင်သေ-လဟယ်လမ်းနှင့် လဟယ်-နန်းယွန်းလမ်းများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက်လမ်းများ ဖြစ်ပါသည်။ ထိုလမ်းများကိုလည်း နှစ်စဉ်ခွင့်ပြုရန်ပုံငွေများချမှတ်ပေးပြီး ဆောင်ရွက်လျက်ရှိသည့် အတွက် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပေသည်။ 
    ဒေသတွင်းသာမက ဆက်စပ်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်များကိုပါ လွယ်လင့်တကူ သွားလာနိုင်ပြီး တိုင်းရင်းသား ချစ်ကြည်ရင်နှီးမှုများလည်း ရရှိစေမည် ဖြစ်ပါသည်။ 
    ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ်စီးပွားရေးလုပ်ငန်းများ မြန်ဆန်အဆင်ပြေစေပြီး တိုင်းရင်းသားဓလေ့ထုံးစံများ နှင့် သဘာဝကိုအခြေခံသည့် ခရီးသွား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်လည်း ရည်ရွယ်ပါသည်။
    နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဒေသထွက်ကုန်ရှားပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်တန်းဒေသဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှသာ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ခြင်းမရှိဘဲ မြေပြန့်ဒေသများနည်းတူ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ၍ လုပ်ငန်းအတွေ့အကြုံကောင်းများ ရရှိလာကြမည်ဖြစ်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် 
    နာဂဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသအကျယ်အဝန်း ၅၁၆၈.၁၉၉ စတုရန်းမိုင်အတွင်း ဖြန့်ကျက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
    ဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘဏ္ဍာနှစ် အလိုက် နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ 
    လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သာသနာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ငွေကျပ် သန်းပေါင်း ၁၀၃,၃၄၁ ကျော် (၁၀၃ ဘီလီယံကျော်) အထိ ရန်ပုံငွေခွင့်ပြု ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဖြစ်ပါသည်။ 
    အလားတူ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ခန္တီး၊ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့များ၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း ၄ ကျောင်း၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄ ကျောင်း ဖွင့်လှစ်သင်ကြားပေးပြီး၊ နိုင်ငံအတွက် သားကောင်း/သမီးကောင်းများကို မွေးထုတ်ပေးလျက်ရှိ ပါသည်။
    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှစတင်၍ ယခုအချိန်အထိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်ထောင်စု နယ်စပ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅၆၈၃.၃၀၁ သန်းနှင့်  တိုင်းဒေသကြီးရန်ပုံငွေကျပ် ၇၈၇၄.၈၇ သန်း စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၁၃၅၅၈.၁၇၁ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါသည်။ 
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူလခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အပြင် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီဖွံ့ဖြိုးရေး ရန်ပုံငွေအစီအစဉ်ဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း လမ်းတံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းများအတွက် လုပ်ငန်း စုစုပေါင်း ၈၉ ခု၊ စုစုပေါင်းရန်ပုံငွေကျပ် ၁၄၅၆၆.၇၄၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါသည်။
    နှစ်စဉ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ နှစ်အလိုက်ထောက်ပံ့ပေးခဲ့ရာ ငွေကျပ် ၁၀၄.၄၇၅ သန်း၊ ဆန်အိတ် ၂၅၀၀ အိတ်၊ သွပ် ၃၃၄၂၇ ချပ်၊ ဆိုလာမီး ၁၇၇၂ စုံ၊ စောင် ၁၂၄၁ ထည်၊ ကျောင်းသုံး ဗလာစာအုပ် ၄၀၀၀ ဒါဇင်၊ ကျောင်းဝတ်စုံ ၂၆၀၀ စုံတို့အတွက် စုစုပေါင်းငွေကျပ် ၁၃၂၃.၀၂၇ သန်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။
စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးရေးများ
    နာဂသွေးချင်းတို့ဒေသသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိမှုအပေါ် ပြည်ထောင်စုဝန်ကြီးဌာန များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ အနေဖြင့် ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်မှာ မြင်သာထင်သာရှိလှသော မြင်ကွင်းများပင် ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွား ဘဝမြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရာတွင် မည်သည့်လူမျိုး၊ မည်သည့်ဒေသ၊ မည်သည့်ငြိမ်းချမ်းရေး အဖွဲ့အစည်းဟူ၍ မခွဲခြား၊ အားလုံးကို ပြည်ထောင်စုဖွား တိုင်းရင်းသားများ တည်းဟူသောအမြင်ဖြင့် တစ်ပြေးညီဆောင်ရွက်ပေးနေခြင်းပင်ဖြစ်သည်။ 
ဒေသခံတိုင်းရင်းသား များကလည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရေရှည် တည်တံ့နိုင်ရေး ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရပါမည်။ ဒေသတည်ငြိမ်ရေးအတွက်ပါ စည်းလုံး ညီညွတ်စွာ ပူးပေါင်းကာကွယ်စောင့်ရှောက်ကြရန်လည်း လိုအပ်လှပေသည်။  ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ် လိုအပ်ပြီး ပကတိမြေပြင် အမှန်သဘောကို သိမြင်နိုင်သော အသိအမြင်အလင်းတန်းများကိုယ်စီကိုယ်စီ ရရှိပိုင်ဆိုင်ရေးသည်လည်း အဓိကကျ လှပါကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။

ဝ ထ က လ သ
(နတလ)
 

Post Paragraph