မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက် စစ်ဆေးခဲ့သည့် မျက်မြင်တွေ့ရှိချက်များ နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ဧပြီလ  ၅  ရက်
    မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက် စစ်ဆေးခဲ့သည့်မျက်မြင်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သုံးသပ်ညှိနှိုင်း အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင် များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဥက္ကဋ္ဌ (၃) ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က Zoom Application Online System ဖြင့် တက်ရောက်ကြပါသည်။ 
    ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ က ယနေ့ ညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှေ့ပြေးစမ်းသပ်စီမံကိန်းဖြင့် ပြန်လည်စိစစ်လက်ခံရန် လျာထား သည့် နေရပ်စွန့်ခွာသူများ နှင့် ၎င်းတို့၏ ဆက်စပ်မိသားစုဝင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မြို့ သို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက်၍ မျက်မြင်စစ်ဆေးခဲ့သည့် တွေ့ရှိချက်များနှင့် စပ်လျဉ်းပြီး လူဝင်မှုကြီးကြပ်ရေး နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ က ပြုစုထားရှိသည့် အစီရင်ခံစာ အပေါ် အကြံပြုသုံးသပ် ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ မျက်မြင်စစ်ဆေးရေးအဖွဲ့၏ မျက်မြင် တွေ့ရှိချက်များအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ နေရပ်စွန့်ခွာသူများ အား ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေများကို ဝိုင်းဝန်းသုံးသပ် အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဥက္ကဋ္ဌများက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် စိစစ်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာမှုအကူအညီ‌အထောက်အပံ့ပေးရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များ နှင့်  ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ ပါသည်။
    ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး က မျက်မြင်စစ်ဆေးရေးအဖွဲ့၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြေပြင်ဖြစ်ရပ်မှန်များကို သွားရောက် မျက်မြင်စစ်ဆေးခဲ့သည့် အစီရင်ခံစာနှင့် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။
    ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် တာဝန်ရှိသူ များက မျက်မြင်စစ်ဆေးရေးအဖွဲ့၏ မျက်မြင်တွေ့ရှိချက်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် Pilot Project အရ ပြန်လည်စိစစ်လက်ခံမည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ဖြစ်ပေါ်တိုးတက်မှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ကဏ္ဍ အလိုက် ပြန်လည်သုံးသပ် ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများ က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
    

video-upload