နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီလမ်းတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

   ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီလမ်းတွင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတာဝန် ရှိသူများက ဇန်နဝါရီ ၂၄ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
    ထိုသို့စစ်ဆေးရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း နှင့် တာဝန်ရှိသူများ က၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၃၈ ဒသမ ၂၆၉ မန်တုံမြို့နယ် နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီလမ်းတွင် ကျောက်ချောလမ်းခင်းခြင်း အရှည် ၁ မိုင် ၄ ဖာလုံ နှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ငါးစင်းတည်ဆောက်နေမှုကို စစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။
   အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက တောင်ပေါ်‌ဒေသ ကျေးရွာများ ရာသီမရွေး သွားလာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph