နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မေ ၄

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံအမှာစကားပြောကြားသည်။

              အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာဗညား အောင်မိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

              ဦးစွာ တက်ရောက်လာကြသည့် မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။

ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး

              ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဒေသဆိုင်ရာအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

              ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးပြောကြားသည်။

 

အခြေပြုစီးပွားရေးကဏ္ဍ တိုးတက်လာရေး

              ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အခြေအနေ၊ တွေ့ကြုံနေရသည့်အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်းပေးရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သောအခြေအနေများ သိရှိလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်တစ်ခု၏ တိုးတက်မှုကို ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့မှ ရရှိသောတန်ဖိုး၊ တစ်နည်းအား ဖြင့် GDP ကိုကြည့်၍ ယေဘုယျသုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် နှစ်စဉ်လိုငွေဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စု ဖြည့်စွက်ငွေမှ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ပြီး ပြည်နယ်အတွင်း ကဏ္ဍစုံမှ ဝင်ငွေတိုးတက်၍ ပြည်ထောင်စုမှ ထောက်ပံ့မှုကို လျှော့ချနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာများ၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ပြည်သူလူထု အခြေပြု စီးပွားရေးကဏ္ဍ တိုးတက်လာရေး ပညာပေး စည်းရုံးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

ဈေးကွက်ရရှိရေး စီမံဆောင်ရွက်

              တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ ဌာနဆိုင်ရာဝန်ထမ်းအားလုံး နှင့် ပြည်သူလူထုအလွှာပေါင်းစုံမှ ပူးပေါင်းပါဝင်၍ အကြံကောင်း၊ ဉာဏ်ကောင်းများနှင့် ပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း မြေအသုံးချမှု အနေဖြင့် စိုက်ပျိုးမြေ ဧက ၁ ဒသမ ၅ သန်းကျော်တွင် ဧက ၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး သီးထပ်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းအပြင် လစ်လပ်မြေနေရာများတွင်လည်း စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍမှ ပြည်နယ်အတွက် ဝင်ငွေ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ အဓိကထွက်ကုန်မှာ ရော်ဘာဖြစ်ပြီး ကုန်ကြမ်းအဖြစ် ရောင်းချမှုအစား တန်ဖိုးမြှင့်ထုတ်ကုန် (Value added) အဖြစ် ပြောင်းလဲထုတ်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်ကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် ဒေသမှထွက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များ အတွက် လုံလောက်သော ဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးရန် လည်း အရေးကြီးကြောင်း။

နိုင်ငံခြားငွေယိုပေါက်များကို ထိန်းသိမ်း

              မွန်ပြည်နယ်အတွက် အလားအလာရှိသော စီးပွားရေးအဖြစ် ခရီးသွားလုပ်ငန်းသည်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကျိုက်ထီးရိုးဘုရား၊ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲအပန်းဖြေကမ်းခြေ၊ သံဖြူ ဇရပ်မှ သေမင်းတမန်မီးရထားလမ်း၊ စစ်သင်္ချိုင်း၊ ရှေးဟောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအပြင် ရှေးဟောင်းမြို့တော်များ စသည်တို့သည် ပြည်တွင်း ပြည်ပခရီးသွားများ အတွက် စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုကောင်းသည့် နေရာများဖြစ်ကြောင်း၊ မီးခိုးမထွက်သော စက်ရုံများအဖြစ်တင်စားပြီး ဝင်ငွေ ကောင်းသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ ယခုကတည်းကပင် အနာဂတ်အတွက် မျှော်မှန်း၍ စနစ်တကျပြင်ဆင် စီမံပေးရန် လိုကြောင်း၊ တစ်ဖက်က ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်သကဲ့သို့ တစ်ဖက်မှလည်း မကုန်သင့်သည်ကို မကုန်ရအောင် စက်သုံးဆီနှင့် စားသုံးဆီတို့ကို ချွေတာစိစစ် သုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေယိုပေါက်များကို ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း။

စားသုံးဆီ တိုးမြှင့်ထုတ်လုပ်နိုင်ရေး

              ထို့အပြင် ကမ္ဘာတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စက်သုံးဆီဈေးကွက် တည်ငြိမ်မှု မရှိဘဲ ရေနံထုတ်လုပ်သည့် နိုင်ငံများ၏ ဈေးကစားနေမှုကြောင့်လည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို နိုင်ငံအားလုံးခံစားနေရကြောင်း၊ အလားတူ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးသည့် နိုင်ငံအချို့၏ ဈေးမတည်ငြိမ်မှုကြောင့်လည်း စားသုံးဆီမှာလည်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ စက်သုံးဆီမှာ သဘာဝအရဖြစ်တည်သော သယံဇာတအခွင့်အလမ်းဖြစ်၍ ထုတ်လုပ်မှုမှာ ကန့်သတ်ချက်ရှိသော်လည်း စားသုံး ဆီနှင့်ပတ်သက်၍ နိုင်ငံအတွင်းပြည်နယ်အတွင်း တိုးမြှင့်ထုတ်လုပ်နိုင်သော အခွင့်အလမ်းများ ရှိကြောင်း၊ သို့ဖြစ်၍ စက်သုံးဆီ၊ စားသုံးဆီနှင့် ပတ်သက်၍ ခြိုးခြံသုံးစွဲရန်နှင့် စားသုံးဆီ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုကြောင်း၊ အထူးသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော နေကြာဆီ စိုက်ပျိုးထုတ်လုပ်နိုင်မှုကိုလည်း ဒေသအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်သည့် နေရာများ၌ စိုက်ပျိုးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသပေးမှုလုပ်ငန်းများ ဆောင်ရွက်မှုတွင် မွန်ပြည်နယ်အနေဖြင့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအနည်းဆုံးဖြင့် တတိယလှိုင်းကို ဖြတ်ကျော်နိုင်ခဲ့သည့် အောင်မြင်သော ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်း ဖြစ်ပါကြောင်း၊ ကောင်းမွန်သော အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနိုင်ရန်လိုကြောင်း မှာကြားသည်။

              ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအတွက် တိုင်းပြည်ငြိမ်းချမ်းရန် လိုအပ်သဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကာ ထာဝရ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေကြောင်း၊ တစ်ဖက်မှလည်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို မှန်မှန်ကန်ကန် ကျင်းပနိုင်ရေး၊ မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိ၍ စာရင်းဇယားများ ကိုက်ညီ မှန်ကန်စေရေး ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းပါဝင်ရန်လိုကြောင်း။

ဖြေရှင်းကူညီပေး

မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသာဖြစ်ကြောင်း၊ ဌာန အလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ လုပ်ဆောင်ကြရန်လိုကြောင်း၊ ဝန်ထမ်းအားလုံးသည် ပြည်သူများ၏ ထည့်ဝင်သည့် အခွန်အခများမှ လစာမှစ၍ ခွင့်ပြုထားသည့် အသုံးအဆောင်များအထိ ရယူခံစားနေရသဖြင့် ပြည်သူများသည် ဝန်ထမ်းအားလုံး၏ ထမင်းရှင် များဟုပင် ပြောနိုင်ကြောင်း၊ သို့ဖြစ်၍ အရေးပေါ်ကိစ္စပေါ်ပေါက်၍ ဝန်ကြီးဌာနများသို့ ဆက်သွယ် လာပါက လိုအပ်ချက်များကို အကျိုးမျှော်ကိုးမှုမရှိဘဲ စေတနာတရားရှေ့ထားကာ ကူညီဖြေရှင်းပေးခြင်း၊ ဖြည့်ဆည်းပေးခြင်းဖြင့် ကျေးဇူးဆပ်ရန်လိုကြောင်း၊ အချိန်တိုအတွင်း အမြန်ဖြေရှင်းကူညီပေးရန် လိုကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များ သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးလိုက်ပါ၍ ထားဝယ်မြို့ရှိ အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ဦးစွာ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။

ရှင်းလင်းတင်ပြ

              ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဒေသဆိုင်ရာအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များ မေးမြန်းပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

              ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးရည်မှန်းချက်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို ချမှတ်ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့၏ ဦးဆောင်မှုဖြင့် သစ္စာရှိဝန်ထမ်းများက ကြိုးပမ်း ဆောင်ရွက်နေမှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြံဆဆောင်ရွက်ကြ ရန် တိုက်တွန်းလိုကြောင်းမှာကြားသည်။

ပူးပေါင်းတားဆီး ကာကွယ်သွား

ဆက်လက်ပြီး ပညာရေးနှင့်ပတ်သက်၍ မကြာမီ ဒီဂရီကောလိပ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေး လုံခြုံရေးအတွက် ကြိုတင်စီမံထား ရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စာသင်အရွယ် ကလေးငယ်အားလုံး စာသင်ကြားရန်နှင့် အခြေခံအဖြစ် KG+9 ကို တက်မြောက်ရန် တိုင်းဒေသကြီးအစိုးရက အားပေးကူညီရန် လိုကြောင်း၊ နိုင်ငံတော်၏ HR ဖွံ့ဖြိုးမှု၊ ပညာတတ်မြောက်မှုကို မလိုလားသည့် အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုနိုင်ရန်လည်း လုံခြုံရေးအသိဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများအပြင် အစိုးရနှင့် လုံခြုံရေးအဖွဲ့များ အားလုံး ပူးပေါင်းတားဆီးကာကွယ်သွားရန် လိုကြောင်း။

အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ

              တနင်္သာရီတိုင်းဒေသကြီး၏ အဓိကစိုက်ပျိုးရေး သီးနှံမှာဆီအုန်းဖြစ်၍ ရရှိသော ဆီကြမ်းကို ဒေသတွင်း၌ပင် ဆီချောအဖြစ် ပြောင်းလဲနိုင်ပါက ဒေသဆီဖူလုံမှုရရှိပြီး ဝင်ငွေလည်းတိုးတက် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆီချောထုတ်လုပ်ရန် လိုအပ်သော အခြေခံအဆောက်အအုံများရရှိနိုင်ရေး အလျင်အမြန် ကြံဆ ဆောင်ရွက်သွားရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ရသုံးမှန်းခြေ ငွေစာရင်းတွင် လိုငွေဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ဖြည့်ဆည်းပေးနေရ သဖြင့် ဒေသတွင်းရှိ အားသာသော အရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးချခြင်းဖြင့် တိုင်းဒေသကြီး၏ ဝင်ငွေတိုးမြင့် လာမည်ဖြစ်ကြောင်း၊ ဝင်ငွေတိုးတက်ရရှိခြင်းဖြင့် တိုင်းဒေသကြီး အတွက် တစ်မျိုးသားလုံး ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတို့ ပိုမိုတိုးမြှင့်လာမည်ဖြစ်ကာ တစ်ဦးချင်း ဝင်ငွေတိုးလာ ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားလာမည် ဖြစ်၍ ဒေသတွင်းမှ ပြည်သူများမလိုအပ်ဘဲ နယ်ကျော်လုပ်အားရှာဖွေခြင်းမှလည်း ကင်းဝေးနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုဖြည့်စွက်ငွေအား အခြားလိုအပ်သော ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးရေးအတွက် ပိုမိုအသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှားပါးရေသယံ ဇာတများ၊ သန္တာကျောက်တန်းနှင့် သဘာဝ အလှများစွာရှိကြောင်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဝင်ငွေကောင်းသော အလုပ်အကိုင်ဖြင့် ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ ဒေသအကျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအကျိုးမှ နိုင်ငံ့အကျိုးအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ရည်မျှော် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်    

video-upload