နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  ဇန်နဝါရီ  ၁၇

မြန်မာ-တရုတ် နယ်စပ်မြို့များတွင် ကိုဗစ်-၁၉ စင်တာများ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း နှင့်  ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တို့တက်ရောက် ကြပြီး  ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်  ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် မြန်မာ - တရုတ် နယ်စပ် ကုန်စည် ကူးသန်းရောင်းဝယ်ရေးကို အကျိုးသက်ရောက်မှုရှိနေကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မိမိတို့နိုင်ငံအပေါ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး၌ အကူအညီပေးထားသည်များ ရှိသကဲ့သို့ ဆက်လက်အကူအညီပေးလိုသည့် ကိစ္စရပ်များလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြား အသိပေးထားရှိပြီးဖြစ်ကြောင်း။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံကုန်စည် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အဟန့်အတားရှိနေသည်ကို သိရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ထိန်းချုပ်မှုများကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နိုင်သကဲ့သို့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် မလိုလားအပ်သော ဆိုးကျိုးများလည်း လျော့နည်းသွားစေနိုင်မည် ဖြစ်ကြောင်း။

ထို့ကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေး ပေါ်တုံ့ပြန်ရေးတို့နှင့်စပ်လျဉ်း၍  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးအဖွဲ့များ နှင့်  သက်ဆိုင်ရာအဖွဲ့များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင် က  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဆက်စပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးထားချက်များ၊ လိုလားချက်များကို Power point ဖြင့် ရှင်းလင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာပွင့်ဆန်းနှင့် ဦးခင်ရီ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်  ဒုတိယဝန်ကြီး ဦးညွန့်အောင် တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က  ဆွေးနွေးချက်၊ ညှိနှိုင်းချက်နှင့် လိုလားချက်အပေါ် တစ်ချက်ခြင်းအလိုက် ဆောင်ရွက်သင့်သည့်၊ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးလျက် နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

Post Paragraph
video-upload