
စစ်တွေ မေ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက ကူညီကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိသည့်အခြေအနေနှင့် ဖြန့်ခွဲရန်စီစဉ်ထားမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ စက်ယာဉ်ယန္တရားများဖြန့်ခွဲ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ စက်သုံးဆီဈေးနှုန်း မကြီးမြင့်စေရေး ဆောင်ရွက်နေမှု အခြေအနေ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များဖြင့် မုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများလက်ခံရရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောများထပ်မံရောက်ရှိလာသဖြင့် ပစ္စည်းများ လျင်မြန်စွာချနိုင်ရေးလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲ၍ လိုအပ်သည့် ဒေသများသို့ အမြန်ဆုံးပေးပို့နိုင်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတားများသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်ဆိုက်ကပ်ထားသည့် Sun Shine ၊ For Tune နှင့် ခိုင်ရာဇာသင်္ဘောတို့မှပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားတို့ဖြင့် ဖြန့်ခွဲပို့ဆောင်မည့် ရေယာဉ်/ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေမှုကိုကြည့်ရှုစစ်ဆေးပြီး အဆိုပါဆိပ်ကမ်းတွင် လုပ်အားပေး ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားသည်။
ရခိုင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကွပ်ကဲမှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ်များသို့ ရွေ့လျားရေသန့်စင်ကားများပေးပို့၍ ဒေသခံပြည်သူလူထုအတွက် သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိရာ စစ်တွေမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ဖြန့်ဝေရန် ရေသန့်စင် ကား(၂)စီး၊ ရသေ့တောင်မြို့နယ်အတွက် ရေသန့်စင်ကား(၂)စီး၊ မင်းပြားမြို့နယ်အတွက် ရေသန့်စင်ကား (၁)စီး စုစုပေါင်းရေသန့်စင်ကား (၅) စီးဖြင့် မြို့နယ် (၃) မြို့နယ်အတွင်း နေ့စဉ်သန့်ရှင်းသော သောက်သုံးရေဂါလံ (၂၅၀၀၀) ကို ဖြန့်ဝေပေးလျက်ရှိသည်။
ထို့ပြင် Lite Straw (ရေနောက်မှ ရေကြည်ရအောင်သန့်စင်ပေးသောစက်) အလုံး (၅၀)အား စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များသို့ ဖြန့်ဝေပေးပို့ထားပြီး ထပ်မံ၍လည်း အဆိုပါမြို့နယ်များအတွက် အလုံး(၁၆၀)ထပ်မံဖြန့်ဝေပေးသွားမည် ဖြစ်သည်။ ရခိုင်ပြည်နယ်မြို့နယ်များအတွင်း ကျေးရွာအချို့၌ မြေသားရေစုကန်များမှ ကန်ရေများကို အသုံးပြုနေရသဖြင့် သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ဆိုလာစနစ်အသုံးပြုထားသည့် ရွှေ့လျားရေသန့်စင်စက်များဖြင့် သန့်စင်ဖြန့်ဝေ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဖြတ်သန်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရှိ မီတာ (၁၀၀) တာဝါတိုင် ပြိုကျပျက်စီးခဲ့ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော် (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ်ဦးဆောင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ရုပ်မြင်သံကြားအစီအစဉ်များ ရေဒီယိုလိုင်းနှင့် FM အစီအစဉ်များ အမြန်ဆုံးပြန်လည် ထုတ်လွှင့်နိုင်ရေးအတွက် စစ်တွေမြို့တွင် အခြေပြု၍ ပြင်ဆင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စစ်တွေထပ်ဆင့်လွှင့် စက်ရုံ၏ မီတာ ၁၀၀ တာဝါတိုင်အသစ် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း မစတင်မီ မီတာ ၃၀ တာဝါတိုင်ဖြင့် အစားထိုးဆောင်ရွက်ရန်စီစဉ်လျက်ရှိရာ ယခုအခါ မီတာ ၃၀ တာဝါတိုင်အတွက် အုတ်မြစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် တပ်ဆင်မည့်တာဝါတိုင်များ ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။ အဆိုပါ မီတာ ၃၀ တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဇွန်လဆန်းပိုင်းမှစတင်ပြီး DVB T2 300W လွှင့်စက်နှင့် FM 300W လွှင့်စက်များအသုံးပြုကာ ရုပ်သံနှင့်ရေဒီယိုအစီအစဉ်များကို မူလအတိုင်း ပြန်လည်ထုတ်လွှင့်နိုင် တော့မည်ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ မေ ၂၅ ရက်မှစတင်ကာ စစ်တွေမြို့ ကားကြီးဝန်း- မီးစက်ကြီးအဝိုင်း၊ မီးစက်ကြီးအဝိုင်း-နာရီစင်၊ နာရီစင်-ဘီလူးမတံတား၊ ဘီလူးမတံတား- ဆတ်ရိုးကျ တံတားလမ်းတစ်လျှောက်တွင် ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများထွန်းညှိ သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ ဖုန်းများ၊ လျှပ်စစ်မီးလုံးများနှင့် အခြားဘတ္တရီ အားသွင်းလျှပ်စစ်ပစ္စည်းများ အသုံးပြု နိုင်ရန်အတွက် Charging Point နေရာများဖြစ်သော ကားကြီးဝန်း၊ မီးစက်ကြီးအဝိုင်း၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်နှင့် ဘီးလူးမတံတားထိပ် စသည့်နေရာများတွင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



