နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံ၊ ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

လွိုင်ကော် ဇန်နဝါရီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဦးစောထွန်းအောင်မြင့်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက တာဝန်ယူ ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဆိုလာပစ္စည်းများကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဆေးပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးတို့က လက်ခံရယူကြသည်။
တွေ့ဆုံနှုတ်ဆက်
ထို့နောက် ဒေသခံပြည်သူများက လွိုင်ကော်မြို့အတွင်း တိုးမြှင့်ဆောင်ရွက် ပေးစေလိုသည့် တံတား များနှင့် လမ်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ထပ်မံဆောင်ရွက် ပေးမည့် အစီအမံများကို ပြန်လည်ရှင်းလင်းဖြေကြားကြပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်သူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင် ၊ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့က (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ဌာနဆိုင်ရာများအလိုက် ပြသထားရှိ သည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပြည်သူများလေ့လာနိုင်
(၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်နယ်အတွင်း MSME လုပ်ငန်းများနှင့် နိုင်ငံတော် မတည်ငွေဖြင့် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသော လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ဆောင်ရွက် ချက်များ၊ နိုင်ငံ့စီးပွားနှင့် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝကို အထောက်အကူပြု နေသည့် လျှပ်စစ်၊ သတ္တုနှင့်သစ်တောကဏ္ဍ တိုးတက်ဆောင်ရွက်မှုများ၊ ပြည်နယ်၏ အနာဂတ်ခရီးသွား လုပ်ငန်းကို အထောက်အကူပြုသည့် ပြည်နယ်အတွင်းရှိ အထင်ကရနေရာ မှတ်တမ်းများကို ကဏ္ဍစုံလင် စွာဖြင့် ခင်းကျင်းပြသထားပြီး ပြခန်းများကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ လွိုင်ကော်မြို့နယ်ခန်းမ၌ ပြည်သူများ လာရောက်လေ့လာနိုင်ရန်အတွက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
 

video-upload