လွိုင်ကော်၊ ဇန်နဝါရီလ ၁၃ ရက်
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် လွိုင်ကော် လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ကယားတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ သင်တန်းကျောင်းမှ ကျောင်းသားတို့က အကအလှများဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူတို့သည် လွိုင်ကော်မြို့ ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းသို့ သွားရောက်ပြီး လွိုင်ကော်ကက်သလစ် သာသနာမှ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် ဘုရားကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားပြီး အခြေခံစားကုန်များ ဖြစ်သော ဆန်၊ ဆီ၊ ဆား စသည့်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဥတ္တရာရုံဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်၍ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဇိနောဘာသအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေးစကားပြောကြားပြီး အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီ ၁၅ ရက်တွင် လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲ၊ သဝဏ်လွှာဖတ်ပွဲနှင့် လူထုအခမ်းအနား၊ ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် လွိုင်ကော်မြို့ ဦးသီရိကတ္တရာကွန်ကရစ်လမ်းနှင့် မင်းကျောင်း ကတ္တရာ ကွန်ကရစ်လမ်းဖွင့်ပွဲများ၊ ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ဖွင့်ပွဲ၊ ကိုယ်ကာယ လေ့ကျင့်ရေး အားကစားခန်းမဖွင့်ပွဲ၊ ဌာနဆိုင်ရာပြခန်းဖွင့်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား တွေ့ဆုံအားပေးပြီး အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်
Post Paragraph
Paragraph Images
video-upload