
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်၌ ၇/၀ မိုင် အမာခံလမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၃၃ ဒသမ ၆၃၀ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီမှ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ် နမ္မတွန်-ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်၌ ၇/၀ မိုင် အမာခံလမ်းခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ် ၁၀ ပေ သံကူကွန်ကရစ်တံတား ခြောက်စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့သည် မြေပြင်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်သည်။
အဆိုပါလမ်းပေါ်ရှိ ကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၅၄၄ အိမ်၊ လူဦးရေ ၂၀၉၂ ဦးတို့အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည် ဖြစ်သည်။

