သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည် ( ၂ )

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာထားသည်မှာ ရခိုင်ပြည် နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များ ဖြစ်သည်။ 
အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အားယူနေဆဲဒေသ ဖြစ်သဖြင့် ပျက်စီးမှုပမာဏအတွက် ဒေသတွင်းလိုအပ်သော စားသောက်ကုန်နှင့် တည်ဆောက်ရေး ပစ္စည်းများမှာ လိုအပ်သည့် အ‌‌ရေအတွက် မရှိခဲ့။ မလုံလောက်ခဲ့။ 
မိုခါမုန်တိုင်းပြီး နောက်တစ်ရက် နေပူကြဲကြဲတွင် စစ်တွေမြို့တွင်း လမ်းပေါ်ကန့်လန့်ဖြတ် လဲကျနေသည့် သစ်ပင်ကြီးများကို ChainSaw ဖြင့် ဖြတ်တောက်ရှင်းလင်းပေးနေသည့် လုပ်အားပေး အဖွဲ့တစ်ဖွဲ့မှာ ရေရရှိရန်အခက်အခဲပင် ကြုံခဲ့ကြရပါသည်။ 
ဤသို့အရေးပေါ်အချိန်ကာလတွင် ဒေသသား အချင်းချင်းဖြစ်၍ စာနာလှပါသည်ဆိုသော စကားလုံးများဖြင့် နှစ်သိမ့်ကြ၊ အားပေးကြ၊ စိတ်မကောင်းဖြစ်ပြကြရုံဖြင့် မလုံလောက်။ ရေဆာ နေသူကို ရေတိုက်ရပါမည်။ ရေဆာပြေဖို့ ဆုတောင်းပေး၍ မရနိုင်။ မိမိတို့ တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းပါဝင် ဖြည့်ဆည်း‌ပေးရန် လိုအပ်သည့်ကာလ ဖြစ်ပေသည်။ 
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ
    ထို့ကြောင့် လိုအပ်သော ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များ၊ စားသောက်ဖွယ်များ၊ သောက်ရေသန့်များ၊ မြက်ဖြတ်စက်၊ မိုးကာစ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ Chainsaw၊ စသည့် တည်ဆောက်ရေးပစ္စည်းများအား ရန်ကုန်မှ ဝယ်ယူပေးပို့ရပါသည်။ လိုအပ်ချက်ပမာဏ ကြီးမားလွန်း လှသဖြင့် ဌာနပေါင်းစုံနှင့် ကုန်သည်ပေါင်းစုံတို့က အလုအယက်ဝယ်ယူကြသည်။ ဝယ်လိုအားများ လွန်းသဖြင့် ပစ္စည်းများအားလုံးလိုလို ဈေးမြင့်တက်သွားသည်။ မြေပြင်တွင်လည်း  ပစ္စည်းများပြတ် လပ်ကုန်ကြပါသည်။ 
    သို့သော် အချိန်မီ မရောက်ရှိပါက လေဘေးဒဏ်ခံပြည်သူများ ပို၍ဒုက္ခရောက်တော့မည်။ ထို့ကြောင့် ထောက်ပံ့ပေးရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရသည့်ဈေးဖြင့် ဝယ်ယူပြီး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း အနက် အစောဆုံး ရောက်ရှိနိုင်သည့်ခရီးဖြင့် အချိန်မီ ပို့ဆောင်ပေးရသည်။
    အမိုးသွပ်များကို စက်ရုံများအထိ တိုက်ရိုက်သွားဝယ်ရသည်။ သွပ် ၁ ပေ ဈေးနှုန်း၊ ၁ ချပ် ဈေးနှုန်း များ ၂ ဆခန့် တက်ကုန်သည်။ ပထမဝယ်ယူလိုသူက ဈေးနှုန်းမေး၍ အတည်ပြုနေတုန်းရှိသေးသည်။ နောက်ကဝယ်မည့်သူတွေက ထပ်ရောက်လာသည်။ ထပ်ရောက်လာသည့် ဝယ်သူတွေက ဈေးပိုပေး ကြသည်။ ထို့ကြောင့် ဆိုဈေးဖြင့် မဖြစ်မနေဝယ်ယူရသည်။
    ရန်ကုန်မှ စစ်တွေသို့ ကုန်ပစ္စည်းများပို့ဆောင်ခ၊ ကားငှားရမ်းခ၊ သင်္ဘောငှားရမ်းခ စသည့် သယ်ယူပို့ဆောင်ရေးစရိတ်များသည်လည်း လမ်းခရီးနှင့်ရာသီဥတုအခြေအနေကို အကြောင်းပြလျက် သုံးဆခန့် ခုန်တက်သွားသည်။ အဓိကလိုအပ်၍ မှာယူသောပစ္စည်းများမှာ ရန်ကုန်တွင် ရက်ပိုင်း အတွင်း ကုန်ပစ္စည်းများပြတ်သွားသည်။ ကုန်ကြမ်း ပြတ်သွားပြီ။ “မန္တလေး” ကမှာရမည်၊ “မူဆယ်” ကမှာရမည်၊ “မြဝတီ” က မှာရမည်ဟုဆိုပြန်သည်။ Transportation Charges ကိုအကြောင်းပြလျက် ဈေးနှုန်းများက ပိုမြင့်တက် သွားပြန်သည်။ ဝယ်လိုအားများလာသောအခါ ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။ “တနွယ်ငင် တစ်စင်ပါ” ဆိုသလို စစ်တွေမိုခါမုန်တိုင်း၏ ဂယက် ရိုက်မှုဒဏ်ကား တစ်နိုင်ငံလုံးကို ပျံနှံ့စေပါသည်။
ရှေးမင်းများလက်ထက်
ဤကဲ့သို့သောဖြစ်စဉ်မျိုးမှာ ယခုမှမဟုတ်၊ မြန်မာ့သမိုင်းတွင် ရှေးကတည်းက ရှိခဲ့ဖူးပါသည်။
 သီရိနန္ဒသူရဓမ္မရာဇာဘွဲ့ခံ ပင်းတလဲမင်း (မင်းရဲနန္တမိတ်) (၁၆၄၈-၁၆၆၂) သည် ဖခင် သာလွန်မင်း နတ်ရွာစံပြီးနောက် အင်းဝထီးနန်းကို စိုးစံသည်။ မန်ချူးတို့သည် တရုတ်ပြည်အား သိမ်းပိုက်ပြီးနောက် ချန်အင်ပါယာကို စတင်ထူထောင်ခဲ့သည်။ ၁၆၆၀ ခုနှစ်တွင် တရုတ်ဟန်လူမျိုး တို့၏ နောက်ဆုံးဧကရာဇ် ဖြစ်သည့်ယုံလီ အားဖမ်းဆီးရန် အကြောင်းပြု၍ မင်မင်းဆက်၏စစ်သူကြီး ဖြစ်ခဲ့သူ စစ်သူကြီးဝူဆန်ကွေ့ ဦးဆောင်သည့် တပ်အင်အား ၁၅၀၀၀ နှင့်အတူ အင်းဝနေပြည်တော် သို့ ရောက်ရှိလာခဲ့သည်။ အင်းဝကိုဝိုင်းထားကြသည်။ စစ်သူကြီးမင်း သီရိခေတ္တရာ ကိုယ်တိုင်ဦးဆောင် ၍ မန်ချူးတပ်များကိုကြံ့ကြံ့ခံလေသည်။ ၁၆၆၁ ခုနှစ်၊ မေလတွင် ညီတော်ပြည်မင်းက တိုက်စစ်ဖွင့်၍ မန်ချူးတို့၏တိုက်စစ်ကို ရပ်တန့်နိုင်ခဲ့လေသည်။
ထိုအချိန် အင်းဝနေပြည်တော်၌ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ မန်ချူးတပ်များ ဝိုင်း ထားစဉ် မြို့တော်အတွင်း စားနပ်ရိက္ခာ ပြတ်တောက်သွားသည်။ ဘေးအန္တရာယ်ကို အကြောင်းပြု၍ အမြတ်ထုတ်ရန် ကြိုတင်တွေးမြင်တတ်သောကုန်သည်များက စားသောက်ကုန်များကို မြေအောက်၌ သိုလှောင်ထားကြသည်။ ထုတ်ရောင်းရာ အကျိုးအမြတ်များစွာ ရကြလေသည်။ ပြည်သူလူထုမှာ စစ် ဘေး၊ စားသောက်ရေးခက်ခဲရှားပါးမှုဘေးကြောင့် ဒုက္ခများစွာရောက်ကြရသည်။ 
စီးပွားရေးသောင်းကျန်းကြသော ကုန်သည်များအကြောင်း သိရသောအခါ အင်းဝဘုရင်သည် အမျက်ဒေါသထွက်ပြီး ပြည်သူလူထု အငတ်ဘေး ကြုံတွေ့စဉ် အမြတ်ကြီးစားဖြင့် ရောင်းချနေသော စားသောက်ကုန်များအားလုံးကို မင်းအမိန့်ဖြင့် ရှာဖွေသိမ်းဆည်းစေပြီး အငတ်ဘေးကြုံတွေ့နေရ သော ပြည်သူလူထုကို ဝေငှပေးခဲ့ရလေသည်။    
ဤသို့ “ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ” ဆိုသလို “ သူများဒုက္ခရောက်လေ ကြိတ်၍ ဝမ်းသာနေသူများ ”  ခေတ်အဆက်ဆက် ရှိခဲ့ဖူးပါသည်။
ပေးဆပ်ခြင်းများ
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက အင်တိုက်အားတိုက် စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည်။ အချို့ကယ်ဆယ်‌ရေးအဖွဲ့ဝင်များ အသက်ပေးခဲ့ရကြောင်း ကြားသိရသည့်အခါ စိတ်မကောင်းဖြစ်မိပါသည်။
နေအိမ်အဆောက်အအုံတွေအပေါ် လဲကျပိမိနေသည့် သစ်ပင်ကြီးငယ်တွေ၊ လမ်းပိတ်ဆို့နေ သော သစ်ပင်သစ်ကိုင်းတွေကို ChainSaw အသုံးပြုပြီး ဖယ်ရှားရှင်းလင်းကြသည်။ လဲကျနေသည့် ဓာတ်တိုင်များ၊ ပြိုကျနေသည့် သံထည်အဆောက်အအုံများ၊ တာဝါတိုင်များကို Engine Cutter၊ Hydraulic Cutter များ အသုံးပြု ဖြတ်တောက်ရသည်။ သင်္ဘောများနှင့် ရေကြောင်းမှ သယ်ယူလာ သည့် ဌာနဆိုင်ရာအသီးသီး၏ ယာဉ်/ယန္တရား အကူအညီများဖြင့် သယ်ယူဖယ်ရှားရှင်းလင်းကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် မြေထိုးစက်၊ မြေတူးစက်၊ မြေကော်စက်များကို သင်္ဘောဖြင့် အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပြီး ယခုအခါ လုပ်ငန်းခွင်သို့ ဝင်ရောက်နေပြီ ဖြစ်ပါသည်။ 
မုန်တိုင်းပြီး နေအရှိန်သည် ပို၍ပူတတ်ပါသည်။ နားခိုရန် အရိပ်မရှိသော နေပူပူတွင် နိုင်ငံ့ဝန်ထမ်းများပါဝင်သည့် ပြန်လည်ထူထောင်ရေး အဖွဲ့များကလည်း နေ့စဉ်ရက်ဆက် နားရက်မရှိ ဆောင်ရွက်ခဲ့ကြသည်။ ကွပ်ကဲကြီးကြပ်သူများက နေပူမရှောင်၊ မိုးရွာမရှောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့/ည ကြီးကြပ်ခဲ့ကြသည်။ 
ဂုဏ်ပြုထိုက်သူတို့ကို ဂုဏ်ပြုခြင်း
မိုခါဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် တစ်လပြည့်မြောက်သည့် အချိန် ဇွန်လ ၁၄ ရက်က စစ်တွေမြို့ လောကာနန္ဒာစေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်၌ ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အား ပေးဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့ များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်။ “ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အနေအစား ဆင်းရဲစွာဖြင့် မုန်တိုင်းထိခိုက်ခဲ့သော နေရာများတွင် အားတက်သ‌ရော ဝင်ရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များအပေါ် အလျဉ်းသင့်သလို ဂုဏ်ပြုပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် မှာကြားခဲ့ကြောင်း။ ယခုကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် မုန်တိုင်း တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုမြင်ကွင်းနှင့် ယခုတစ်လပြည့်ကာလ ပြန်လည်ထူထောင်ပြီးစီးမှု မြင်ကွင်းသည် ဝမ်းသာအားရ ကျေနပ်ဖွယ်ပြောင်းလဲနေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်၏ အစီအမံဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းနှင့် ရပ်ကွက်အလိုက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည့်အတွက် အသိအမှတ်ပြုပါကြောင်း” ဒုတိယဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    နိုင်ငံတော်ဝန်ကြီးချုပ်သည် မုန်တိုင်းအလွန် ၂ လအကြာ ဇူလိုင်လ ၁၀ ရက်နေ့တွင်  စစ်တွေ ဒေသသို့ ထပ်မံသွားရောက်ခဲ့ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးတွင် “သဘာဝဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို ယခုထပ်မံ ရောက်ရှိချိန်တွင် တွေ့ရှိရကြောင်း၊ မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ဖယ်ရှားသည့် အပိုင်း၌ လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်း ဖျာခင်းသည့်သူများက ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသည့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်များဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများထက် မတန်တဆ ဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချနေမှုအပေါ် ထိထိရောက်ရောက် အရေးယူသွားရန်လိုကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ် ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင် ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်နေထိုင်ကြသူများ အနေဖြင့်လည်း အတူတကွ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေများထက် ပိုမိုကောင်းမွန်သည့်ဒေသများအဖြစ် ဆက်လက်ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း” တိုက်တွန်း ပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာ၏ ဆောင်ရွက်ပေးမှုများ
    နယ်စပ်ရေးရာဝန်ကြီးဌာနသည်လည်း ရခိုင်ပြည်သူများ၏ စားသောက်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ မုန်တိုင်းဖြစ်ပြီးရက်ပိုင်းအတွင်း စားသောက်ကုန် ရိက္ခာများအနေဖြင့် ဆန်အိတ် ၁၀၀၀၊ စားဆီပိဿာ ၁၅၀၀၊ ဆားအိတ် ၃၀၊ ကုလားပဲ ပိဿာ ၃၀၀၀၊ ခေါက်ဆွဲခြောက်ဖာ ၂၀၀၀၊ ရေသန့်ကဒ် ၂၅၀၀ တို့အား တပ်မတော်ရေယာဉ်များဖြင့် အမြန်ဆုံးတင်၍ ပေးပို့ပေးခဲ့ပါသည်။ ထို့အပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၇ ပေသွပ် အချပ်ရေ ၁၀၀၀၀၊ ဘိလပ်မြေအိတ် ၃၀၀၀၊ သွပ်သံ/အိမ်ရိုက်သံ ၇၂၅ ပိဿာ တို့အား “M.V Sunshine” သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။ 
    ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Chainsaw အလက် ၂၀၊ မြက်ဖြတ်စက်အလုံး ၂၀ အားလည်းကောင်း၊ မုန်တိုင်းသင့်ပြည်သူများ ရေကောင်း ရေသန့်များ လုံလောက်စွာအသုံးပြုနိုင်ရေးအတွက် Life Straw ရေသန့်စက် အလုံး ၂၀၀၊ ဆိုလာရေသန့်စက် ၁၀ လုံး၊ ရေမော်တာများဝယ်ယူရန် လှူဒါန်းခဲ့ပါသည်။ အ‌ရေးပေါ် မီးလင်းရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာများနှင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များအတွက် ဆိုလာအစုံ ၆၅၀ အား လေကြောင်းဖြင့်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ပါသည်။ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ စစ်တွေမြို့ဘိုးဘွားရိပ်သာ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ လူမှုအဖွဲ့များသို့ လှူဒါန်းထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
    ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦများနှင့် တံတားများပြန်လည်ပြုပြင်ရေး လုပ်ငန်းများဖြစ်သော စစ်တွေမြို့ အထက(၂) ကျောင်းတွင် ကွန်ကရစ်ခင်းခြင်း၊ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နံ့သာတောင်ဘုန်းကြီး ကျောင်းအတွက် အမိုးသွပ် ၂၀၀ ချပ်နှင့် ကျောင်းသားအိပ်ဆောင် အတွက် လိုအပ်သောကွပ်ပျစ်များ ပြုလုပ်ပေးခြင်း၊ စစ်တွေမြို့အတွင်း လောကာနန္ဒာဘုရားဝန်းအတွင်းရှိ မဟာဝေယန်သာသနာ့ဗိမာန်အား ပြန်လည်ပြုပြင်ပေးခြင်း၊ လောကာနန္ဒာစေတီတော် ခြံစည်းရိုး၊ ရင်ပြင်တံတိုင်းပြုပြင်ခြင်း၊ ရန်အောင်မြင်ဓာတုကိုးနဝင်းစေတီအဆောက်အဦ၊ ရန်ပြေမာန်ပြေဘုရားကြီးသိမ်တော် ရွှေဆေး၊ ဆလိုက်မီးများပြုပြင်ခြင်း၊ ရန်အောင်မြင်ဓာတုကိုးနဝင်းစေတီ၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးမြန်မာမှု၊ ရှင်ကလေးစေတီထီးတော်၊ မဟာဇေယသိဒ္ဓိစေတီဘုရားသိမ်တော်နှင့်ထီးတော်၊ လက်ဝဲသလုံးစေတီအဆောက်အဦ၊ အရှေ့ဘက်ကိုးနဝင်းဓာတုစေတီ၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ရှင်မာကု ကာသီဒြယ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းနှင့် ဟိန္ဒူဘုရားကျောင်းများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးရာဇ်မင်္ဂလာကြိုးတံတား ၃၂၀ ပေတို့အား ပြုပြင် ဆောင်ရွက်ပေးလျက်ရှိပါသည်။  
    မုန်တိုင်းဒဏ်သင့်ခဲ့သောရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်းပေါင်း ၁၁၆၇ ဒသမ ၆၄၁ သန်း သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၂၈၅ ဒသမ ၈၀၈  သန်းဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
ပျဉ်းမငုတ်တို
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လတ်တို့ စစ်တွေသို့ ဒုတိယအကြိမ် သွားရောက်ပြီးအပြန်တွင်- 
“စစ်တွေကပြန်ပြီး လှပလာနေပြီ၊ ခေါင်မိုးတော်တော်များများ ပြည့်စုံသွားပြီ၊ ဌာနဆိုင်ရာ အဆောက်အဦတွေလည်း ရာနှုန်းပြည့်နီးပါး ပြင်ပြီးကုန်ပြီ၊ လျှပ်စစ်မီးလည်း ပြန်လင်းပြီ၊ သာသနာရေး အဆောက်အဦတွေ ပြန်ပြင်ပြီးကုန်ပြီ၊  စစ်တွေကမ်းနားလမ်းကိုလည်း အင်တိုက်အားတိုက်ပြင်နေပြီ၊ ဆက်သွယ်ရေးလိုင်းတွေ၊ ဖုန်းလိုင်းတွေပြန်ရပြီ၊ စာသင်ကျောင်းတွေလည်းဖွင့်နေပြီ၊ လေကြောင်း၊ ရေကြောင်း၊ မော်တော်ယာဉ်လိုင်းတွေလည်း ပုံမှန်ပြန်ပြေးဆွဲနေပြီ၊  အပျက်အစီးတော်တော်များများ ကောင်းကုန်ပြီ၊ မိုးရွာတော့ သစ်ပင်အကျိုးတွေက ရွက်နုတွေ ပြန်ထွက်ပြီး စိမ်းစိမ်းလန်းလန်းနဲ့ ကြည့်ကောင်းနေပြီ” ဟုဆိုပါသည် ။
ထိုစကားသံများ ကြားရသောအခါ အလွန်ပီတိဖြစ်ရပါသည်။ စာရေးသူတို့ အလယ်တန်း ကျောင်းသားအရွယ်က သင်ကြားခဲ့ရသော အလွန်ကြိုက်နှစ်သက်သည့် ကဗျာတစ်ပုဒ်ကို သတိရမိသည်။ ဆရာကြီးမင်းသုဝဏ်၏ “ပျဉ်းမငုတ်တို” ကဗျာဖြစ်၏။ ဆရာကြီးသည် ထိုကဗျာအား မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၁- ၄- ၁၉၄၉ က ရေးသားခဲ့ခြင်းဖြစ်၏-
    ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
    စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
    ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
    လေပြင်းတိုက်လျက်၊ မငိုက်ဦးခေါင်း
    နွေသစ်လောင်းသော်
    ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
    လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
    အသင်ယောက်ျား ကောင်းတကား”
    ပျဉ်းမငုတ်တိုအိုကြီးသည် အကိုင်း လက်ပြတ်နှင့် အခက်မရှိ၊ အရွက်မရှိ။ ခြစားထားပြန်သဖြင့် ဟောင်းလောင်းဖြစ်နေသည်။ မီးလောင်ထားသောကြောင့် မဲနက်ရုပ်ဆိုးနေသည်။ လွန်ခဲ့သော အချိန်များကမူ ထိုပျဉ်းမပင်သည် အရွက်စီစီ၊ အပွင့်ဝေဝေနှင့် ကုန်းကမူထက်တွင် လေရူးနှင့်အတူ ရောလျက် မြူးရွှင်ခဲ့ပေလိမ့်မည်။ ယခုကား အရိုးပြိုင်းပြိုင်း၊ ခါးကိုင်းကိုင်းနှင့် ရာသီဥတုဒဏ်၊ သဘာဝ ပြုပြင်မှုဒဏ်၊ ဇရာ၏ဒဏ်၊ စစ်ဘေးစစ်ဒဏ်ကြောင့် နာလန်မထူနိုင်လောက်အောင် ယိုယွင်းခဲ့နေလေပြီ။
    သို့သော် နွေဦးစလေပြီ။ ဥသြသံတို့ မြည်လာပြီ။ နွေတောပန်းကလေးများ ပွင့်လာပြီ။ မြေသင်းနံ့ကလေး ပျံ့လာပြီ။ ထိုအခါ ပျဉ်းမငုတ်တိုအို၏ အခက်ကင်းသော အကိုင်းလက်ပြတ်တွင် ပုရစ်ဖူး ကလေးများသည် ပြူထွက်လာတော့သည်။ ဟိုမှာတစ်ဖူး၊ ဒီမှာတစ်ဖူးနှင့် ပုရစ်ပြေစပြုလာပြီ။ နောက်တစ်နေ့တွင် ရွက်နုကလေးများဖြစ်လာကြ၏။ တစ်ရွက်၊ နှစ်ရွက်၊ သုံးရွက်ဖြင့် အရွက်များစုံလာသော ပျဉ်းမငုတ်တိုအိုကြီးသည် အမြီးဖြန့်ကာ ကနေသောဒေါင်းပျိုနှင့် တူလာလေတော့သည်။ အာဂပျဉ်းမငုတ်တိုပါပေတကား။
ပိုမိုဖွံ့ဖြိုးစည်ပင်လာတော့မည့် “သမုဒ္ဒဂီရိမြို့”
ရခိုင်ဘုရင်များလက်ထက်က စစ်တွေကျွန်းမှာ ဘုရင့်ရေတပ်မတော်မှ စစ်သည်များ၊ စစ်ကဲများ စခန်းချသည့်နေရာဖြစ်ခဲ့သည်ဟုဆို၏။ ယခင်ဘုရင်များလက်ထက်က စစ်တပ်များချခဲ့ရာအရပ်ဖြစ်၍ မူလက စစ်တဲ ဆိုသောဝေါဟာရမှ စစ်တေး၊ ထိုမှ စစ်တွေ ဟုပြောင်းလဲလာခြင်းဖြစ်ကြောင်း ဆိုကြသည်။
အင်္ဂလိပ်- မြန်မာပထမစစ်ပွဲပြီးနောက် အင်္ဂလိပ်တို့သည် ရခိုင်တိုင်းမြို့တော်အဖြစ် စစ်တွေမြို့ ကို ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် တည်ထောင်ခဲ့သည်။
    မြို့သက်တစ်ရာပြည့်ပြီးသည့်ဝန်းကျင်၌ စစ်တွေမြို့ကြီးသည် ဖွံ့ဖြိုးစည်ပင်နေခဲ့သည်။ 
မြို့သက်နှစ်တစ်ရာပြည့်၍ ၁၆ နှစ်အကြာ ၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးသည် ရခိုင်သို့ ကူးစက်လာသည်။ စစ်တွေသည် စစ်ရေးအရ အရေးပါသော မြို့တစ်မြို့ ဖြစ်လာသည်။ စစ်မီးစစ်လျှံသည် အနှစ်တစ်ရာကျော် တည်ဆောက်ထားသော စစ်တွေမြို့ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့အပြင် ခေတ်အဆက်ဆက် ပဋိပက္ခဒဏ်၊ ဒေသတွင်း မတည်ငြိမ်မှုဒဏ်၊ သဘာဝဘေးဒဏ်များကို ထပ်မံ ကြုံတွေ့ရပြန်သည်။ ထိုမှ တစ်ဖန် ပြန်၍နိုးထ ရှင်သန်လာပြန်သည်။ မည်သည့်အခက်အခဲ၊ ဖျက်ဆီးမှုကို ကြုံတွေ့ရသည်ဖြစ်စေ စစ်တွေမြို့ကြီးကား အင်နှင့်အားနှင့် ပြန်လည်ရုန်းထပြီးရှင်သန်လျက် ပန်းပန်၍ လှပဆဲဖြစ်၏။
    ဒဏ်ရာအနာတရများနှင့် ဒုက္ခအမှောင်ထုကို ကြုံတွေ့ရသော်လည်း အတိတ်ဖြစ်စဉ်များကို အကောင်းဆုံး သင်ခန်းစာယူပြီး သက်လုံအပြည့်နှင့် ပြန်လည်နိုးထရစမြဲပင်။
    ခေတ်အဆက်ဆက် စစ်ဘေးဒဏ်၊ ပဋိပက္ခဒဏ်၊ သဘာဝဘေးဒဏ်တို့ကို ကြံ့ကြံ့ခံရင်း ပြန်လည်ဖွံ့ဖြိုးရှင်သန်လာမြဲ၊ ကြံ့ခိုင်မြဲဖြစ်သော “မြို့စစ်တွေ” ကား ယောက်ျား‌ကောင်း ဖြစ်ချေ၏။ ယောက်ျားကောင်း သမုဒ္ဒဂီရိမြို့ (ခေါ်) စစ်တွေမြို့သည် မိုခါမုန်တိုင်းဒဏ်ခံရပြီးနောက် နိုင်ငံတော်၊ တပ်မတော်၊ ဌာနဆိုင်ရာများ၏ ကူညီထောက်ပံ့မှုများ၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုများဖြင့် မူလ အခြေအနေထက်ပို၍ ဖွံ့ဖြိုးစည်ပင်မှုအသစ်များနှင့်အတူ ငယ်မူငယ်သွေးကြွ ပြန်လည်ရှင်သန်လာမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။ 
    ဝထကလသ
    (နတလ)

Post Paragraph