၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် စစ်ကိုင်းတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ကသာ၊ ပင်လယ်ဘူးမြို့နယ်များ အား ယမန်နေ့၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ဗန်းမောက်)တွင် ဆောင်ရွက်လျက်ရှိသော လက်ထောက်ညွှန်ကြားရေးမှူးနေအိမ်နှင့် (၄) ခန်းတွဲ ဝန်ထမ်းနေအိမ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုမှတဆင့် ဝန်းသို-ဗန်းမောက်လမ်း (၅/၁)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူအား သတ်မှတ်အချိန် ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ကသာ)သို့ ရောက်ရှိပြီး ရုံးတည်ဆောက်ထားရှိမှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်နှင့် (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ကသာ) တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းပြီးစီး အောင် လစဉ်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များ မှာကြားကာ တည်ဆောက်နေ မှု အခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လည်ဘူး)သို့ ရောက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ ကျောင်းသား အိပ်ဆောင်၊ ကျောင်းသူ အိပ်ဆောင်၊ စားရိပ်သာ၊ စားဖိုဆောင်၊ ရေချိုးခန်းအိမ်သာနှင့် ရာသီသီးနှံစိုက်ခင်း စိုက်ပျိုးထားရှိမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းနောက် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ပင်လည်ဘူး)သို့ ရောက်ရှိပြီး လက်ထောက်ညွှန်ကြားရေးမှူးနေအိမ်နှင့် (၄)ခန်းတွဲဝန်ထမ်းအိမ်ရာ တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။