ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့နယ်တို့မှ တိုက်ပွဲရှောင် နေရပ်စွန့်ခွာပြည်သူများအား နယ်စပ်ရေးရာဝန်ကြီးဌာနကဆောက်လုပ်ပေးသော တန်ဖိုးနည်းအိမ်ရာသို့ ရွှေ့ပြောင်းနေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော်  ဇွန်  ၁၄

     ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့နယ်တို့မှ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများအား နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောက်လုပ်ပေးသော တန်ဖိုးနည်းအိမ်ရာသို့ ရွှေ့ပြောင်းနေရာချထားပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ် ပန်ဝါမြို့ ငီလော့ ကျေးရွာ၌ ကျင်းပသည်။

     ရှေးဦးစွာ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ယနေ့ ပန်ဝါမြို့မှ နေရပ်စွန့်ခွာ ပြည်သူများအား ရွှေ့ပြောင်းနေရာချထားပေးရာတွင် အိမ်ထောင်စု ၅၄ စုအတွက် တန်ဖိုးနည်း အိမ်ရာအလုံး ၅၀ အား တည်ဆောက်ပေးထားပြီဖြစ်ကြောင်း၊ ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စားနပ်ရိက္ခာ၊ ပြောင်းရွှေ့စရိတ် နှင့်ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

     ယင်းနောက် ပန်ဝါဌာနေပြည်သူ့စစ်အဖွဲ့မှ ဦးဘောမ်လန်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောက်လုပ်ပေးသော တန်ဖိုးနည်းအိမ်ရာအကြောင်း ရှင်းလင်းပြောကြားပြီး ချီဖွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက နေရပ်ပြန်လိုသည့် တိုက်ပွဲရှောင်ပြည်သူများ၏ တင်ပြချက်အပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း ပြောကြားကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

     ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း က တိုက်ပွဲရှောင် နေရပ်စွန့်ခွာပြည်သူများအတွက် Family Kit များကိုလည်းကောင်း၊ ချီဖွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်းတိန့်က ထောက်ပံ့ငွေများကိုလည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဟိန်းမင်းက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းက ပန်ဝါတန်ဖိုးနည်းအိမ်ရာ အလုံး ၅၀ တွင် သောက်သုံးရေသွယ်တန်းခြင်း နှစ်မိုင်ဆောင်ရွက်ရန်အတွက် ငွေကျပ် ၂၇ ဒသမ ၂၅၀ သန်းနှင့် ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့နယ်တို့ရှိ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူ ၃၉၂ ဦးအတွက် စားနပ်ရိက္ခာ တစ်လစာအတွက် ငွေကျပ် ၇ ဒသမ ၀၅၆ သန်းကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက အိမ်ထောင်စု ၈၁ စုအတွက် စားနပ်ရိက္ခာ ခြောက်လစာနှင့် သွပ်မိုးအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၈၁ သိန်း၊ ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးပါ Family Kit ၈၁ ခုကို လည်းကောင်း၊ UNHCR မှ အိမ်ထောင်စု ၈၁ စုအတွက် ဆပ်ပြာ၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ အဝတ်အထည်နှင့် ဆိုလာမီးအိမ် ၈၁ လုံး တို့ကိုလည်းကောင်း၊ UNDP မှ တစ်ရှူးလိပ် ၁၀ ခုပါ ၈၁ တွဲကိုလည်းကောင်း၊ KMSS မှ ရေချိုးခန်း၊ အိမ်သာအခြေခံလိုအပ်ချက်အတွက် အိမ်ထောင်စု ၈၁ စု အား တစ်အိမ်ထောင်လျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ကြရာ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများက လက်ခံရယူသည်။ ထို့နောက် တိုက်ပွဲရှောင် နေရပ်စွန့်ခွာပြည်သူများကိုယ်စား ဦးဘောမ်ဆောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

     ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများသည် နေရာချထားပေးသော တန်ဖိုးနည်းအိမ်ရာဝန်းကျင်ရှိ ဖောက်လုပ်ပေးမည့် လမ်းအခြေအနေ၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံပညာ စာသင်ကျောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ရန် တို့ကို တာဝန်ရှိသူများအား မှာကြားသည်။

      ယနေ့တွင် ချီဖွေမြို့နယ် ခိုက်ဘာဂျီစခန်းမှ တိုက်ပွဲရှောင်နေရပ်စွန့်ခွာ ပြည်သူအိမ်ထောင်စု ၂၇ စု အား မူလနေရပ်သို့လည်းကောင်း၊ ပန်ဝါမြို့ဒေသပိုင် အဆောက်အအုံမှ တိုက်ပွဲရှောင်နေရပ် စွန့်ခွာပြည်သူ အိမ်ထောင်စု ၅၄ စုအား ပန်ဝါမြို့ တန်ဖိုးနည်းအိမ်ရာသို့လည်းကောင်း ရွှေ့ပြောင်းနေရာချပေးနိုင်ခဲ့ပြီး အဆိုပါ ယာယီတိုက် ပွဲရှောင်စခန်းနှစ်ခုသည် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲပြီးနောက် ပထမဦးဆုံးအကောင် အထည်ဖော် ပိတ်သိမ်းနိုင်ခဲ့သော စခန်းနှစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်