နယ်စပ်ရေးရာဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ ရေနက်တွင်းများ ဆက်လက်တူးဖော်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှု အရ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ ပေနက် တွင်းတူးစက် အကူအညီရယူကာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ သောက်သုံး ရေ ရှားပါးပြတ်လပ်မှုရှိနေသော ကျေးရွာများအတွက် ရေနက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ဘဏ္ဍာ နှစ်အလိုက် စဉ်ဆက်မပြတ် ဆောင် ရွက်ပေးလျက်ရှိသည်။

ရေနက်တွင်း တူးဖော်ခြင်း လုပ်ငန်းများအနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၈ ဒသမ ၄၃ သန်းဖြင့် သန့်ရှင်းသော သောက်သုံးရေ လိုအပ်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် မန်ကျည်းစောက်ကျေးရွာ၌ အနက်ပေ ၇၄၀ စက်ရေတွင်း တစ်တွင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်‌ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် မန်ကျည်းစောက် ကျေးရွာ သောက်သုံးရေရရှိရေး ရေ‌ကော်မတီဥက္ကဋ္ဌက ပူပြင်း ခြောက်သွေ့သော အညာဒေသ ဖြစ်သည့် မန်ကျည်းစောက်ကျေးရွာ တွင် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ရသော ရေရှားပါးပြတ်လပ်မှု အခက်အခဲအား ကျော်လွှားနိုင်ရန်အတွက် သန့်ရှင်း သော သောက်သုံးရေရရှိရေး ပံ့ပိုး ကူညီ တူးဖော်ဆောင်ရွက်ပေးခဲ့ သော နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကမ္ဘောဇဘဏ်တို့ကို ကျေးဇူးအထူး တင်ရှိကြောင်း မှတ်တမ်းလွှာအား ဒုတိယညွှန်ကြားရေးမှူးထံ ပေးအပ် သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မန္တလေးတိုင်း‌ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်သည့် ကျေးရွာများ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာခြောက်ရွာ၌ အဝီစိရေနက်တွင်း တူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာလေးရွာတို့၌လည်း ထပ်မံတူးဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်