နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကျင်းပပြုလုပ်

ဇူလိုင်လ  ၂  ရက် 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကိုယနေ့မွန်းလွဲပိုင်းတွင်နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက ချမှတ်ထားသည့် လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် မူဝါဒ၊ လမ်းညွှန်ချက်များ ချမှတ်နိုင်ရန် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၆ )ကို ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦး‌ဆောင်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေး၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ အသေးစား အငယ်စား အလတ်စား စက်မှုလုပ်ငန်းများ ပေါ်ထွက်လာရေးနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး အစရှိသည့် လုပ်ငန်းများအား  လုပ်ငန်းဆပ်ကော်မတီများ၊ ‌ဒေသဆိုင်ရာလုပ်ငန်းကော်မတီများက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် မူဝါဒ၊ လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြောင်း။
ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၆) ၌ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက “မိမိတို့ ဗဟိုကော်မတီ၏ ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆောင်ရွက်မှုများကိုလည်း ပြန်လည်သုံးသပ်ရန်လိုကြောင်း” ဟု လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်ကြားချက်များကို အကောင်အထည်ဖော်‌ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ၁၉၈၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ကော်မတီအလိုက် လုပ်ငန်း‌ဆောင်ရွက်ခဲ့မှု၏ တိုးတက်မှုများကို နှစ်အလိုက် စနစ်တကျ ပြုစု၍ ဗဟိုကော်မတီသို့ တင်ပြရမည် ဖြစ်၍ လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း‌ဆောင်ရွက်မှုများကို လုပ်ငန်းကော်မတီသို့ စုစည်းတင်ပြရမည်ဖြစ်ပါကြောင်း။
မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများမှ ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအား စိစစ်ပြီး ဗဟိုကော်မတီသို့ တင်ပြ၍ ဗဟိုကော်မတီက အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများနှင့် လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းစီမံကိန်းများ အောင်မြင်ဆောင်ရွက်နိုင်စေရန်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တိုင်းဒေသကြီး/ ပြည်နယ်အားလုံး အကြားအလပ်မရှိ အချိုးညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာ၌ နယ်မြေတည်ငြိမ်အေးချမ်းရေးသည် များစွာအရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သည် တိုက်ရိုက်အချိုးကျသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူဝါဒများ ခိုင်မာမှု၊ ညှိနှိုင်းပေါင်းစပ် တာဝန်ယူဆောင်ရွက်မှု၊ အစိုးရနှင့် ပြည်သူပူးပေါင်းပြီး အားတက်သရော ဆောင်ရွက်မှုတို့ လိုအပ်မည်ဖြစ်ပါကြောင်း၊
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ဦး‌ဆောင်မှုဖြင့် နယ်စပ်ဒေသရှိ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများ အမြန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန် နီးကပ်စွာ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ 
ဆက်လက်၍ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက လက်ရှိဘဏ္ဍာနှစ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်များ၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက တင်ပြချက်များနှင့် စပ်လျဥ်း၍ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌက  တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload