နေပြည်တော်၊ အောက်တိုဘာလ(၁၇)ရက်
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်နှင့် ပခုက္ကူ)တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးရေးအတွက် ဟိုတယ်၀န်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး(ဒုတိယ)အကြိမ်ညှိနှိုင်းအစည်းအဝေးအား နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ (၁၇-၁၀-၂၀၁၇) ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကားပြောကြားခဲ့ ပါသည်။ အစည်းအဝေးသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ Luxembourg Agency for Development Cooperation Lux Dev၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း(MHPA)၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အိမ်တွင်းမှုသင်တန်းကျောင်း(ပုသိမ်နှင့် ပခုက္ကူ)ကျောင်းများတွင်ဧည့်ကြိုသင်တန်း(Front Office Operation Course)၊ အိပ်ခန်းဆောင်သင်တန်း (House Keeping Operation Course)၊ စားပွဲထိုးသင်တန်း(Food and Beverage Service)များအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သင်တန်းကာလ(၃)လကြာ ဖွင့်လှစ်သွားမည်ဖြစ်၍ သင်တန်းသူအရည်အချင်းအား အခြေခံပညာ အထက်တန်း အဆင့်(၈တန်းအောင်)သတ်မှတ်ပြီး သင်တန်းကာလအတွင်း အခမဲ့သင်ကြားခွင့်ရရှိမည် ဖြစ်ပါသည်။ သင်တန်းဆင်းပြီးပါကလည်း မည်သည့်ဟိုတယ်မဆို လက်ခံနိုင်သည့် အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်(Certificate)ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်း၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသနှင့် ကျေးလက်/မြို့ပြနေအမျိုးသမီးငယ်များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။