မေလ ၁၉ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အလုပ်တာဝန်ပေးခန့်အပ်ပေးမည့် ဝန်ကြီးဌာန ၄ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ချမှတ်၍ ထိရောက် အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၆၁၄ ဦး၊ သိပ္ပံဘွဲ့ ၁၀၆၄ ဦး၊ B.Tech ဘွဲ့ ၁၃၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၉၉၀ ဦး စုစုပေါင်း ၂၅၃၈ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးထောက်ပံ့ လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လေ့လာမှုများကြောင့် ယခု အခါ မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ မဟာသုတေသနဘွဲ့ ၂၇ ဦး၊ Ph.D ဘွဲ့ ၃၂ ဦး၊ B.E ဘွဲ့ ၆၂၅ ဦး၊ M.E ဘွဲ့ ၃၄ ဦး၊ B.Tech ၂၀၇ ဦး ရရှိပြီး ဆက်လက်လေ့လာသင်ယူဆဲ ကျောင်းသား၊ ကျောင်းသူများလည်းရှိနေကြောင်း သိရှိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြှောက်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူကြိုးစားအားထုတ်သွားရန် မှာကြားလိုကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “အနာဂတ် နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်ဖို့နဲ့ ဗလငါးတန် ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း” လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် မိမိတို့တတ်မြောက်ထားရှိသည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်အောင် ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ကျရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသခံတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် မူလလုပ်ငန်း တာဝန်များအပြင် ဒေသခံတိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ရိုးရာ၊ ဓလေ့ထုံးစံ အမွေအနှစ်များကို လေးစားလိုက်နာကာ ချစ်မြတ်နိုးစွာဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် မူးယစ်ဆေးဝါးပပျောက်စေရေးလုပ်ငန်းများတွင် ဒေသခံတိုင်ရင်းသား ပြည်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်တန်းဆင်း မောင်တို့မယ်တို့ အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်လျက် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို အစဉ်ထာဝရ အမြဲနှလုံးသွင်းကာ မိမိတို့တာဝန်ကျရာ နယ်မြေဒေသများကို ဦးဆောင်လမ်းပြနိုင်မည့် ခေါင်းဆောင်ကောင်းများဖြစ်လာအောင် ကြိုးစားကျင့်ကြံ၍ နိုင်ငံတော်က အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသား ၁ ဦးနှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသူ ၁ ဦးတို့အား ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဌာန ၄ ခုတို့ မှ ကိုယ်စားလှယ်များက သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ၂၀၇ ဦး တို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်ဆိုင်ရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ အဆိုပါဒီဂရီကောလိပ်အတွင်းရှိ မနုဿဗေဒပြခန်း၊ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ ကွန်ပျူတာလက်တွေ့ခန်း၊ Language Lab ခန်းမ၊ လေးထပ်အင်ဂျီနီယာအလုပ်ရုံ၊ မိုးလုံလေလုံ အားကစားရုံ ဆောက်လုပ်မည့် မြေနေရာ၊ နှစ်ထပ်ကျောင်းသူ အိပ်ဆောင်ဆောက် လုပ်မည့် မြေနေရာနှင့် ငါးခူမွေးမြူရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များနှင့်အတူ နေ့လည်စာအား အတူတကွ သုံးဆောင်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ သင်တန်းဆင်း အကြိုဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါ သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စာကြည့်တိုက်၊ သက်သာချောင်ချိရေး အရောင်းဆိုင်၊ မွေးမြူရေး အစာစပ်စက်ရုံ၊ ခေတ်မီဘောလုံးကစားကွင်းနှင့် ပွဲကြည့်စင်၊ မိုးလုံ လေလုံ အားကစားရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာ၌ ကျောင်သား၊ ကျောင်းသူများနှင့် အတူ နေ့လည်စာအားအတူတကွ သုံးဆောင်ခဲ့ပါသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း သင်တန်းများ ဖွင့်လှစ်ထားရှိမှု ၊ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထား ရှိသည့် မွေးမြူရေးနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။