ဧပြီလ ၁၃ ရက်
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန် အတာရေသဘင် ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာ မဟာသင်္ကြန်အတာရေ သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးဌာန ယိမ်းအဖွဲ့မှ မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေ၍ ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကိုကြိုဆိုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့်အတူ ပျော်ရွှင်စွာ ရေကစားခဲ့ကြပြီးဝန်ထမ်းမိသားစုများ၏ အလှအပများဖြင့်ကပြသီဆို ဖျော်ဖြေမှု များကို ကြည့်ရှုအားပေးခဲ့၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ဧပြီလ ၁၃ အကြိုနေ့မှ စတင်၍ ဧပြီလ ၁၆ အတက်နေ့အထိ ဝန်ကြီးဌာနမဏ္ဍပ်၌ အဆို၊အကများဖြင့် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီးရုံး၊ ဦးစီးဌာန များမှ စတုဒီသာများကို အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မဟာသင်္ကြန်အတာရေသဘင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
video-upload