နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဧပြီလ ၁၃  ရက်
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အတာရေသဘင် ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ရိုးရာအစဉ်အလာမပျက် မြန်မာနှစ်သစ်တွင် စိတ်ခွန်အားသစ်များရရှိစေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန် အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ် ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးများနှင့် ဇနီးများနှင့်  ဝန်ထမ်း မိသားစုများ တက်ရောက်၍ ပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက နယ်စပ်ရေးရာဝန်ကြီးဌာန မဟာရေသဘင်ပွဲတော်အား  ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ဝန်ကြီးဌာန ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေ ကြပြီး ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ယိမ်းအက အဖွဲ့များအား အမွှေးနံ့သာရေများ ပက်ဖြန်း၍  အတူတကွ  ပျော်ရွှင်စွာ ရေကစားခဲ့ကြပြီး ဝန်ထမ်းမိသားစုများ၏ အလှအပများဖြင့် ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေး (စတုဒိသာ) ကျွေးမွေးဧည့်ခံနေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး ဝန်ထမ်းများနှင့် အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ဧပြီလ ၁၃ ရက် အကြိုနေ့မှ စတင်၍ ဧပြီလ ၁၆ ရက် အတက်နေ့အထိ ဝန်ကြီးဌာန မဏ္ဍပ်၌ အဆို၊ အက များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီးရုံး၊ ဦးစီးဌာန များမှ စတုဒိသာများကို အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 
 

video-upload