ဖေဖော်ဝါရီလ ၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများအား ခေတ်စနစ်နှင့်အညီ အသိပညာ၊ အတတ်ပညာများ လေ့လာတတ်မြောက်စေရေးအတွက် AI နည်းပညာအခြေခံလုပ်ငန်းခွင်အသုံးချမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနအကြီးအကဲများ၊ အမျိုသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာနှင့် သင်တန်းနည်းပြများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ် ဒစ်ဂျစ်တယ် ပလက်ဖောင်းတွင် Artificial Intelligence(AI) နည်းပညာသည် လူသားများ၏ နေ့စဉ်ဘဝလုပ်ငန်းများတွင် မရှိမဖြစ် နည်းပညာတစ်ခုအဖြစ် ရပ်တည်လာနေပြီဖြစ်ရာ လုပ်ငန်းနယ်ပယ်များတွင် AI နည်းပညာကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေသည့် အားသာချက်များစွာရှိပြီး လိုအပ်သော အချက်အလက်များကို မြန်မြန်ဆန်ဆန် စုစည်း၍ စနစ်တကျ အသုံးချလျက်ရှိပါကြောင်း၊ ထို့အပြင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများ လျှော့ချပြီး AI နည်းပညာနှင့် အစားထိုး၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အပြင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍများလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် Digital အခြေပြု နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ AI နည်းပညာကို အသုံးပြု၍ ဝန်ထမ်းများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် အတွေးအမြင်၊ အယူအဆများအား မှန်ကန်စွာ သုံးသပ်ထည့်သွင်း၍ အကျိုးရှိစွာ အသုံးပြုရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ AI နည်းပညာသည် အကျိုးကျေးဇူးများစွာရှိသော်လည်း စိန်ခေါ်မှုများစွာလည်းရှိပါကြောင်း၊ AI စနစ်အပေါ် မှီခိုမှု များပြားလာပါက လူသားတို့၏ တွေးခေါ်ကြံဆနိုင်မှု စွမ်းရည်များ ကျဆင်းလာနိုင်မည်ဖြစ်သည့်အတွက် အလွန်အမင်း မှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် အထူးမှာကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် AI နည်းပညာကို လေ့လာသင်ယူပြီး မိမိတို့လုပ်ငန်းခွင်များတွင် လက်တွေ့ပြန်လည်အသုံးချ ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှု၍ တိုးတက်ပြောင်းလဲလာသည့် ICT နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာ တင်ဖုန်းကျော်က AI နည်းပညာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအတွက် ချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။