နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သင်တန်းဆင်းပွဲတက်ရောက်ခြင်းနှင့် ဖွံ့ဖြိုးလုပ်ငန်းသုံးယာဉ်ယန္တရားများ သွားရောက်ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်‌ရေး‌ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည့် ခေတ်မီမော်တာ အထည်ချုပ်အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၂၄) သင်တန်း ဆင်းပွဲအခမ်းအနားနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

                ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို မိမိတို့ကွပ်ကဲမှုအောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင် ဖွင့်လှစ် ထားရှိသည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၅) ကျောင်းမှ အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းများ တက်ရောက်အောင်မြင်ပြီးသူများအနက် ထပ်ဆင့် ရွေးချယ်ထားသည့် သင်တန်းသူ (၁၀၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊

                သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ နယ်စပ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပုံဖော်ပေးရန် ဖြစ်ကြောင်း၊ သင်တန်းဆင်း သင်တန်းသူ (၁၀၀) ဦးကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority-NSSA) အသိအမှတ်ပြု Sewing Machine Operator Level-1 အောင်လက်မှတ်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးအပ်နိုင်ရေးအတွက် အရည်အချင်း စစ်ဆေး ခဲ့ပြီး ဖြစ်ပါကြောင်း၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံ (၃) ရုံတွင် ဝန်ထမ်းများ အဖြစ် စနစ်တကျ တာဝန်ခွဲဝေခန့်အပ်ထားပြီး ဖြစ်ပါကြောင်း၊

                သင်တန်းသူများအနေဖြင့် မိမိတို့ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များနှင့် ကိုယ်ပိုင်စီးပွားရေးထူထောင်၍ အသက်မွေးဝမ်းကျောင်းပြုပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းပြီး လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးကောင်းလေးများ ဖြစ်လာစေရန်နှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသော မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်သည့် အမျိုးသမီးများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်ကြားလေ့ကျင့်ခဲ့ပေးပြီး ဖြစ်ပါကြောင်း၊

                နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အသက်မွေး၀မ်းကျောင်း ပညာရပ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ နိုင်ငံ အနှံ့အပြားရှိ အိမ်တွင်းမှုသင်တန်းကျောင်းများမှ သတ်မှတ်အရည်အချင်း ကိုက်ညီသည့် သင်တန်းဆင်း သင်တန်းသူများကို ခေတ်မီမော်တာ အထည်ချုပ်စက်အထူးမွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အလုပ် အကိုင် ရှာဖွေပေးသည့်အတွက် အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းရရှိရေး (Quick Win Result) ကို  စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

                ဆ က်လက်၍ သင်တန်းဆင်း တိုင်းရင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

                နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း (၄၅) ကျောင်းမှ အခြေခံနှင့်အဆင့်မြင့် စက်ချုပ်သင်တန်းသူ (၈၉၂၉၆) ဦး လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ခေတ်မီမော်တာ သင်တန်းဆင်း (၂၇၂၇) ဦး မွေးထုတ်ပေးနိုင်ခဲ့ကာ ရန်ကုန်မြို့ အထည်ချုပ်စက်ရုံ (၂၉) ရုံ၌ စုစုပေါင်း (၂၆၄၄) ဦး ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

                ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုလေ့ကျင့်ရေးတွင် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ သင်ကြား‌ရေးကိစ္စရပ်များ၊ တည်ဆောက်ရေး၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိ‌ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် သင်တန်းသား/သူ (၄) ထပ်စာသင်ဆောင်ကို သွား‌ရောက် ကြည့်ရူ စစ်ဆေးခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ခရိုင်ရုံး ဂိုဒေါင်တွင် ထိန်းသိမ်း ထားရှိသော ယာဉ်ယန္တရားကြီးများ၏ ကောင်းမွန်စွာ အသုံးပြုနိုင်‌ခြင်းနှင့် ကြံ့ခိုင်မှုထိန်းသိမ်း ဆောင်ရွက် ထားရှိသည့်အခြေအနေများ၊ သိုလှောင်ထားရှိသည့် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယာဉ်ယန္တရားများ အမြဲတမ်းအသုံးပြုနိုင်‌ရေး၊ အသင့်အနေအထားရှိစေရေး၊ ကြံ့ခိုင်မှု ပုံမှန်ပြုလုပ်ရေး၊ ပြင်ဆင်ရန် လိုအပ်သည်များကိုလည်း ချက်ချင်းပြုပြင်ရန်နှင့် လိုအပ်ချက်ရှိပါက ရုံးချုပ်သို့တင်ပြသွားရန်၊ ဂိုဒေါင်ရှိ ထောက်ပံ့‌ရေးပစ္စည်းများ အလေအလွင့် မရှိစေရေး၊ စာရင်းဇယားများ မှန်ကန် စနစ်တကျရှိစေရေး မှာကြားခဲ့ပြီး မကြာမီ လုပ်ငန်းခွင်များသို့ ပို့ဆောင်မည့် ယာဉ်ယန္တရားကြီးများ၏ ကြံ့ခိုင်မှုအခြေအနေကို လှည့်လည် ကြည့်ရူစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

Post Paragraph