ဩဂုတ် ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ယနေ့တွင် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဖလမ်းခရိုင်အတွင်း လမ်းပြုပြင်နေမှုများ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်း၊ မိုက္ကရိုဝေ့ စခန်းရုံးနှင့်အိမ်ရာအဆောက်အအုံ ပြုပြင်နေမှုအခြေအနေနှင့် တပ်မတော်မှ MEC TEL ဆက်သွယ်ရေး လိုင်းတပ်ဆင်ကာ ဒေသခံများကို ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ အချိန်မီပြီးစီးနိုင်ရေးနှင့် ပြည်သူများကို ဆက်သွယ်ရေးဝန်ဆောင်မှု အမြန်ဆုံး ပြန်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၊ စက်ရုံနှင့်ဂိုဒေါင်ပြုပြင်နေမှု ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ခရိုင်လမ်း ဦးစီးရုံး အဆောက်အအုံ ပြုပြင်နေမှု ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းသား အိပ်ဆောင်များ ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဖလမ်းခရိုင်လမ်းဦးစီးဌာနမှ ကလေး-ဖလမ်း-ဟားခါးလမ်း ကီလိုမီတာ (၁၂၇-၁၂၈) ကြား တောင်ပြိုမြေစာများအား ယန္တရားကြီးများဖြင့် ဖယ်ရှားပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ကလေး-ဖလမ်း-ဟားခါးလမ်း ဖလမ်းခရိုင်အတွင်း လမ်းများကို ပြုပြင်လျက်ရှိရာ ကလေး-ဖလမ်း-ဟားခါးလမ်း ကီလိုမီတာ (၁၈၂-၁၉၇) ကြား ပျက်စီးနေသည့်လမ်းပိုင်းများကို လမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့ ၁၀ မှလည်းကောင်း၊ ကီလိုမီတာ (၁၄၇-၁၅၁)ကြား မြေစာပြိုကျနေမှုများကို ဖယ်ရှားခြင်းနှင့် လမ်းပြုပြင်ခြင်းများကို ဖလမ်းခရိုင်လမ်း ဦးစီးဌာနမှလည်းကောင်း အသီးသီးဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ထို့အတူ တီးတိန်မြို့ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ယနေ့တွင် တီးတိန်မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ပစ္စည်းဂိုဒေါင်ပြုပြင်ပြီးစီးမှု အခြေအနေ၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီး ဌာန၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းဆောင်၊ စားရိပ်သာပြုပြင်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အလားတူ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု၊ မီးသတ်ရေကန်ပြုပြင်ပြီးစီးမှု၊ လူငယ်သင်တန်းကျောင်း နည်းပြအိပ်ဆောင် ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဖလမ်းခရိုင်အတွင်း လမ်းပြုပြင်နေမှုနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload