နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖလမ်းမြို့နေရပ်ပြန်ပြည်သူများကို နွေးထွေးစွာကြိုဆို

ဩဂုတ်လ ၂၈   ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်  ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ သြဂုတ်လ ၂၇ ရက်ညနေပိုင်းတွင် ကလေးမြို့မှ ဖလမ်းမြို့သို့နေရပ်ပြန်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ကြိုဆိုခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလေး-ဖလမ်းလမ်းပိုင်း ဖလမ်းမြို့အဝင်တွင် ကလေးမြို့မှ ဖလမ်းမြို့သို့ နေရပ်ပြန်လာသည့် ဒေသခံပြည်သူ ၉၆ ဦးအား ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နေရပ်ပြန်ဒေသခံ ပြည်သူများအား စာရင်းကောက်ယူနေမှုများ၊ ကော်ဖီနှင့်မုန့်တိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးကာ  ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပါသည်။ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိုက်ပွဲရှောင်ပြည်သူများသည် ဖလမ်းမြို့ကို တပ်မတော်မှ အလုံးစုံထိန်းချုပ်ပြီးနောက် နေရပ်သို့ အသီးသီးပြန်လာကြရာ ဖလမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်သို့ မေလ ၆ ရက်‌နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ ‌ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၃,၆၅၉ ဦး ရှိကြောင်းနှင့် ဖလမ်းမြို့နယ်အတွင်း  ပြန်လည်ဝင်ရောက်နေထိုင်သူ စုစုပေါင်း ၄၁,၅၉၀ ဦး ဖြစ်ကြောင်းသိရှိရပါသည်။
အလားတူ ဖလမ်းမြို့တွင်း တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အအုံများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်လျက်ရှိရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ပညာရေးဌာနဝန်ထမ်း အိမ်ရာပြုပြင်နေမှုနှင့် မူလတန်းလွန်ကျောင်း ကျောင်းဆောင်ပြုပြင်နေမှုအားလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂ ခန်းတွဲ ၂ ထပ် နှင့် ၄ ခန်းတွဲ ၂ ထပ် အိမ်ရာများ ပြုပြင်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျင်မွာလ်ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့  ၆ ခန်းတွဲ ၂ထပ် အိမ်ရာပြုပြင်နေမှုအားလည်းကောင်း၊ ကျန်းမာရေးဌာန ဝန်ထမ်းအိမ်ရာပြုပြင်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်းမွန်ဆုံးနှင့် အမြန်ဆုံးဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ဒေသခံကုမ္ပဏီများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ်လ ၂၈ ရက်တွင် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အ‌ဆောက်အဦများအနက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိနေအိမ်၊ ဦးစီးအရာရှိ(မြို့ပြ)ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုအားလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်ရုံး အဆောက်အအုံ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံး ပြုပြင်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများသည် ဩဂုတ်လ ၂၈ ရက်နေ့အထိ  ၃၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။
အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း စတိုဆောင်ပြုပြင်ခြင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အုပ်ချုပ်မှုရုံး၊ ၂ ထပ် သင်တန်းခန်းမဆောင်၊ စားရိပ်သာ၊ မီးဖို‌ဆောင်၊ သင်တန်းခန်းမနှင့် သင်တန်းသူ ၂ ထပ် အိပ်ဆောင်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊  ဝန်ထမ်းအိမ်ယာ ၄ ခန်းတွဲ ၂ ထပ်အဆောက်အအုံ ပြုပြင်ခြင်း လုပ်ငန်းများအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။ တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာ အဆောက်အဦများ ပြန်လည်ပြင်ဆင်မှုအနေဖြင့် ၆၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။
ထို့အတူ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၆ ခန်းတွဲဝန်ထမ်းအိမ်ရာ RC၂ ထပ် ပြုပြင်ခြင်း၊ မီးသတ်ရေကန်ပြုပြင်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ် နံကပ် ၁ ထပ် ပြုပြင်ခြင်း၊ လမ်းဦးစီးဌာန ဧည့်ရိပ်သာ ပြုပြင်ခြင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ တွန်းဇံမြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းအား ယနေ့အချိန်ထိ လုပ်ငန်းတစ်ခုလုံး၏ ၄၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload