
နေပြည်တော် ဒီဇင်ဘာလ ၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲသို့ သွားရောက်၍ ရုံးဝန်းအတွင်းရှိ အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(လားရှိုး) သင်တန်းကျောင်းခန်းမတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်၍ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အိပ်ဆောင်များ စားရိပ်သာနှင့် သင်တန်းသူများလက်တွေ့သင်ကြား လေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကုမ္ပဏီများမှ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်သင်တန်းကျောင်း ၅ ကျောင်း၊ စက်မှုသင်တန်းကျောင်း ၃ ကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း ၃ ကျောင်း တည်ထောင် ဖွင့်လှစ်ကာ ဒေသခံ တိုင်းရင်းသား လူငယ်များနှင့် အမျိုးသမီးငယ်များအား အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

