
နိုဝင်ဘာလ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (အခြေခံ) လိုက်ပါလျက် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက် အထိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝိဇ္ဇာ၊ သိပ္ပံ နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းတက်ရောက်ကြမည့် သင်တန်းသား ၁၈၈ ဦး၊ သင်တန်းသူ ၁၆၄ ဦး စုစုပေါင်း ၃၅၂ ဦးတို့အား အတည်ပြုစိစစ်ရွေးချယ်ခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် သင်တန်းသား၊ သင်တန်းသူရွေးချယ်ရေး ဆောင်ရွက်သည့် နေ့ရက်များတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။ ၁၆-၁၁-၂၀၂၂ ရက်နေ့၌ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝိဇ္ဇာ၊ သိပ္ပံ နှင့် A.G.T.I ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများအား ဩဝါဒစကား ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဒီဂရီကောလိပ်၊ ရန်ကုန်တွင် သင်တန်းသား၊ သင်တန်းသူများကို စိစစ်အတည်ပြုပြီးပါက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ဒီပလိုမာများ အပ်နှင်းပေးပြီး ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူရာထူး နေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။