နေပြည်တော်၊ စက်တင်ဘာလ ၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ ကြိုဆိုခဲ့ပါသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဦးဆောင်သော အဖွဲ့နှင့် ဧည့်သည်တော် ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် နံနက် (၁၁) နာရီအချိန်တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူများ၏ အခြေခံလိုအပ်ချက်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာန များအကြား တိုင်းရင်းသားရေးရာ ချစ်ကြည်ရင်းနှီးမှု ဖော်ဆောင်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်အား ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည် ညို၍ ဆင်ဖြူတော်အား လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။