ဖလမ်း ဩဂုတ် ၂၂ ရက်
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေး အပတ်စဥ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၂ ရက်နေ့က ဖလမ်းမြို့ မြို့တွင်း စုပေါင်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ ကလေး-ဖလမ်း-ဟားခါးလမ်းမကြီး၊ ဖလမ်းမြို့တွင်း လမ်းပိုင်း၊ ဗိုလ်ချုပ်လမ်းမတစ်လျောက် လမ်းဘေးဝဲယာ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ အမှိုက်များ စနစ်တကျစွန့်ပစ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား (၂၇၀)ဦး အတွက် မုန့်နှင့်အချိုရည်များ တိုက်ကျွေးခဲ့ပါသည်။
အလားတူ တီးတိန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များပါဝင်သည့် စုပေါင်းလုပ်အားပေး အင်အား ၂၁၀ ဦး တို့က လွယ်ဘွာလ်ရပ်ကွက် ကမ်းဟောက် လမ်းမကြီးနှင့် ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ချုံနွယ်ပိတ် ပေါင်းခုတ်ထွင်ရှင်းလင်းနေခြင်းအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့အတူ တွန်းဇံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း လုပ်အားပေးအင်အား(၄၀၂)ဦး တို့က စုပေါင်း၍ ခေါဝုန်ရပ်ကွက်နှင့် လေးဆန်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံဝန်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအား လှည့်လည်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။