
ဇွန် လ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ဗိုလ်ရွေး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြား၍ နှစ်ရှည်အရိပ်ရပင်ဖြစ်သည့် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး နှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ကျွန်း ၁၈၀ ပင်၊ ကံ့ကော် ၅ ပင်၊ မန်ကျည်း ၁၀ ပင်၊ တမာ ၁၀ ပင်၊ စုစုပေါင်း ၂၀၅ ပင်ကို ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အ.ထ.က (ခွဲ) ဗိုလ်ရွေးကျောင်းသို့ လှူဒါန်းသည့် ရေသန့်စက်နှင့် သန်ရှင်းရေးသုံးပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများသည် နေပြည်တော်၊ ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနီးရှိ လျှိုပိတ်ဆည်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးတန်နှင့် ငါးခုံးမ သားပေါက် ကောင်ရေ ၂၀,၀၀၀ အား ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
