နေပြည်တော်၊ ဇူလိုင်လ ၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉:၃၀) အချိန်တွင် ကျင်းပ ပြုလုပ်သည့် “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ် ချက်မှာ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခြင်းမှအစ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့်အဆင့်အထိ လုပ်ငန်းအဆင့်ဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်သွားနိုင်စေရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှ ချဉ်းကပ်ဆောင်ရွက် သွားနိုင်စေရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အစားထိုးဖွံ့ဖြိုးရေး နည်းပညာများကိုလည်း နားလည် တတ်ကျွမ်းပြီး ထိရောက်စွာ ဆောင်ရွက်သွားနိုင်စေရန်၊ ဆက်စပ်ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ဆက်သွယ် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာနိုင်စေရန်တို့ဖြစ်ကြောင်း၊ မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်“နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်နိုင်ငံလုံး ရေခြားမြေခြားမရှိ၊ ပြည်နယ်ပြည်မ အကြားအလပ်မရှိ တပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရန်”ဆိုသည့် မဟာဗျူဟာကို အခြေခံ၍ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုတဲ့ မူဝါဒ (၄) ရပ် ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ အဓိက လုပ်ငန်း တာဝန်ကြီးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများဖြစ်စေရေး မိမိတို့ ဝန်ကြီးဌာန အနေဖြင့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများကို နိုင်ငံတော်၏မူဝါဒ၊ နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအသီးသီး၏ တင်ပြချက်၊ လွှတ်တော်နှင့် ကိုယ်စားလှယ်များ၏ ကတိကဝတ်နှင့်တောင်းဆိုချက်များ၊ ဒေသခံ ပြည်သူလူထုတို့၏ ပကတိ လိုအပ်ချက်၊ ဘဏ္ဍာရေးခွင့်ပြုဝင်ဆံ့မှုစသည့် အချက်များအပေါ် ချိန်ဆ၍ နိုင်ငံတော်ရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ Myanmar Substainable Development Plan နှင့် ချိတ်ဆက်ပြီး ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက ဆွေးနွေးညှိနှိုင်း သုံးသပ် ဆုံးဖြတ်ပြီး နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယနေ့နိုင်ငံတော်က ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေးသည် နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအပေါ် မူတည်နေသကဲ့သို့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကောင်းမွန်မှ ငြိမ်းချမ်းရေးတိုးတက်နိုင်မည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့ Theory နဲ့ လက်တွေ့ Practical တို့ကို အချိုးကျကျ ပေါင်းစပ်ပြီး အသုံးပြုနိုင်မှသာ မိမိတို့၏ ရည်ရွယ်ချက်၊ မိမိတို့၏ အန္တိမမျှော်မှန်းချက်ကို ပေါက်ရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိခေတ်စနစ်၏ တိုးတက် ဖြစ်ထွန်းမှုသည် အင်မတန် မြန်ဆန်ပြီး နည်းပညာ ပြောင်းလဲမှုများလည်း မြင့်မား လာပါကြောင်း၊ သို့ဖြစ်၍ခေတ်စနစ်၏ တောင်းဆိုမှုအပေါ် ဝန်ထမ်းများ၏ အရည်အသွေးသည်လည်း ဟန်ချက်ညီညီ တိုးတက်ဖြစ်ထွန်းရန် မလွဲမသွေ လိုအပ်လျှက်ရှိသဖြင့် တာဝန်ရှိသူများအနေဖြင့့် ရရှိသည့်အချိန်၊ ခွင့်ပြုသည့် ဘဏ္ဍာရေး အနေအထားများအပေါ် အခြေခံပြီး ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာသင်တန်းအမျိုးမျိုးကို ဖွင့်လှစ်စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား များအနေဖြင့် ယနေ့ဖွင့်လှစ်သည့် သင်တန်းမှ လေ့ကျင့်ဆွေးနွေးပို့ချပေးမည့် ဘာသာရပ်၊ ပညာရပ်၊ အတွေ့အကြုံဗဟုသုတများကို စနစ်တကျ မှတ်သားလေ့လာပွားများပြီး အနာဂါတ်ကာလတွင် မိမိတို့ တာဝန်ယူဆောင်ရွက်မည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်း လုပ်ငန်းများကို အကျိုးရှိရှိ အောင်အောင်မြင်မြင် အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။