နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပူတာအိုခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ခဲ့ရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ၏ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေးလုပ်ငန်းများ ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ရုံးဝင်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  နယ်စပ်ရေးရာဝန်ကြီးဌာန လက်ရှိဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မာမိန်-မာမိန်ရှီးဒီ ကျေးရွာချင်းဆက်လမ်း (၂/၆) မိုင် ပြုပြင်ထိန်းသိမ်းမှု အခြေအနေနှင့် မာမိန်ရှီးဒီ ဘေလီတံတားတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို)သို့ ရောက်ရှိပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး မိမိဒေသ၊ မိမိပြည်နယ်၊ မိမိနိုင်ငံတော်အကျိုး သယ်ပိုးနိုင်မည့် နောင်တစ်ခေတ်၏ ထူးချွန် ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရေး ရည်မှန်းချက်ထားပြီး နိုင်ငံတော်က ထောက်ပံ့ပြုစုပျိုးထောင်နေသော မောင်တို့ မယ်တို့ကို စာပေပညာရပ်အပြင် စိတ်ဓါတ်၊ စည်းကမ်း၊ ပေါင်းသင်းဆက်ဆံရေး၊ စာပေဖတ်ရှုသည့်အလေ့အထ၊ အချိန်ကို တန်ဖိုးထား စနစ်တကျ ခွဲဝေတတ်ခြင်း၊ ငွေကြေးခြိုးခြံချွေတာ စုဆောင်းခြင်း၊ စိုက်ပျိုးရေး မွေးမြူရေး လက်တွေ့ဆောင်ရွက်ရမှုများ အစရှိသည်တို့ကို လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သဖြင့် မောင်တို့ မယ်တို့အနေဖြင့် ဤအခွင့်အရေးကို အလေးထား တန်ဖိုးထားပြီး ဇွဲ လုံ့လ ဝီရိယ အပြည့်ဖြင့် ကြိုးစားအားထုတ်သွားကြရန် မှာကြား၍ နေ့လည်စာအား ကျောင်းသား၊ ကျောင်းသူများ နှင့် အတူစားသုံးခဲ့ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph