
မင်းပြား၊ မေ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့က ရဟတ်ယာဉ်များဖြင့် ကျောက်ဖြူမြို့မှ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ်သို့ရောက်ရှိပြီး မိုခါမုန်တိုင်းသင့် ပြည်သူများအား မင်းပြားမြို့နယ် ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမှာစကား ပြောကြားရာတွင် မုန်တိုင်းလေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်မှုအခြေအနေ လေတိုက်နှုန်းပြင်းထန်နိုင်မှု အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်မှု အခြေအနေများအား ကြိုတင်ပြင်ဆင်နိုင်ရန် မင်းပြားမြို့နယ် အုပ်ချုပ်မှုအဖွဲ့အစည်းများက ကြိုတင်အသိပေး ဆောင်ရွက်မှုကြောင့် မုန်တိုင်းဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းမှုများ တွေ့ရကြောင်း၊ ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်း ဒေသဖြစ်သဖြင့် လေဘေးအန္တရာယ်ကို ထပ်မံကြုံတွေ့နိုင်သဖြင့် ကြိုတင်ကာကွယ် ပြင်ဆင်မှုကောင်းအောင် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယနေ့ ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်ခံရသည့် ပြည်သူများအား လေဘေး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်မြို့တို့သည် မုန်တိုင်းဒဏ်ကို အများဆုံး ခံခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားပြီး အခက်အခဲများကြားက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထူထောင်နိုင်သကဲ့သို့ ရခိုင်ပြည်နယ်အနေဖြင့်လည်း တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲကာ ဝိုင်းဝန်းထူထောင်ကြမှာ ဖြစ်ကြောင်း၊ ကောင်းမြတ်သည့် အစဉ်အလာကို ဆက်လက်ဝိုင်းဝန်း ဆောင်ရွက်ကြလိုကြောင်း၊ မကြာမီ ကျောင်းများ ပြန်လည် ဖွင့်လှစ်မှာဖြစ်ပြီး အချိန်မီပြန်ဖွင့်နိုင်အောင် ဦးစားပေးအလိုက် ဆောင်ရွက်ရမှာဖြစ်ပြီး မိုးရာသီတွင် စိုက်ပျိုးရေးကို အလေးပေး ဆောင်ရွက်စေလိုကြောင်း အားပေးစကား ပြောကြားသည်။
ဆက်လက်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေစေရန်ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဝင်ငွေတိုးပွားအောင် စိုက်ပျိုးရေး၊ မွေးမြူရေး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း၊ အသေးစားလုပ်ငန်းများအား အစုအဖွဲ့ဖွဲ့ကာ ဆောင်ရွက်ပါက နိုင်ငံတော်မှငွေ ထုတ်ချေးပေးမည်ဖြစ်ပြီး ယခုလို သဘာဝဘေးဖြစ်ပွားနေချိန်တွင် ပိုမိုထုတ်ချေးပေးမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။
ဆက်လက်၍ မုန်တိုင်းလေဘေးသင့် ပြည်သူများအား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ငွေကျပ်သိန်း ၂၀၀ အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငွေကျပ်သိန်း ၁၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးသခင်ချိုနှင့် မြို့မိမြို့ဖ ဦးစိုးမင်းအား လည်းကောင်း ပေးအပ်ကြသည်။ ထို့နောက် ဒေသခံ ပြည်သူ ဦးမောင်စောတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက် အအုံများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။