
နေပြည်တော် ၊ မေလ ၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် နှင့် စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်း တို့မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ နှင့် ခရိုင်ဦးစီးမှူး များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာ စကား ပြောကြားရာတွင် မကြာမီ ရက်ပိုင်း အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် လာမည့် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာ နိုင်ငံ ကုန်းတွင်းပိုင်း ဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် သတိပေးချက်များ ရှိကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုအပြင် ၎င်းနှင့် ဆက်စပ်သည့် သဘာဝ ဘေးအန္တရာယ် များကြောင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရုံး/ဌာန၊ သင်တန်းကျောင်းများတွင် လူ၊ ပစ္စည်း၊ ယာဉ်/ယန္တရားများ တတ်နိုင်သမျှ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိရန်၊ ဆေးဝါး/ရိက္ခာ၊ သန့်ရှင်းသောရေ၊ အသက်ကယ်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်း များကို အသင့် ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင် ထားရှိရန် နှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ရုံးများ၊ ကျောင်းများ၌ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆောင်ရွက် နိုင်ရန် အတွက် စုဖွဲ့ထားရှိသည့် Rescue Teams များ အနေဖြင့် ဆိုင်ကလုန်း မုန်တိုင်း သဘာဝဘေး ကျရောက်လာချိန်တွင် ဘေးသင့်ပြည်သူများ အတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြရန် တို့ကို ဆွေးနွေး မှာကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေ အလိုက် ကြိုတင် ပြင်ဆင်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ရာ ဒုတိယဝန်ကြီးများ နှင့် ပြည်ထောင်စုဝန်ကြီး တို့က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။