
နေပြည်တော် ဖေဖော်ဝါရီလ ၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁-၂-၂၀၂၂ ရက်နေ့နှင့် ၂-၂-၂၀၂၂ ရက်နေ့များတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်မှူးချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့ဝန်ကြီး ဌာန အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် တို့နှင့်အညီ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်း ၂ ခုဖြစ်သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်နယ်/ ပြည်မ အကြားအလပ်မရှိ ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ နယ်စပ်ဒေသများဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လ အထိ ၆ လ ဘဏ္ဍာရေးကာလ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများကို ကန့်သတ်ချက်များရှိနေသော်လည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်အကောင်အထည်ဖော်နိုင်သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရေး အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးရေးတို့ကို ချမှတ်ထားသည့် မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ အဆင့်ဆင့်သော ဝန်ထမ်းများအားလုံးက တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်မှူးချုပ် ဖြိုးသန့်တို့က နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ၆ လ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ပညာရေး၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ်ရေးစသည့် လုပ်ငန်းစုစုပေါင်း ၃၉၅ ခုကို ခွင့်ပြု ရန်ပုံငွေကျပ် သန်းပေါင်း ၃၄၄၆၆.၄၀၈ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။