
နေပြည်တော် ဇွန် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကရင်ပြည်နယ်(မြောက်ဘက်ခြမ်း)၊ သံတောင်ကြီးဒေသဝန်းကျင်နှင့် လိပ်သိုအနီးဝန်းကျင်ရှိ လျှပ်စစ်မီး အခက်အခဲကြုံတွေ့နေရသော ကျေးရွာများ မီးရရှိရေးအတွက် 90W ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းအစုံ ၁၀၀ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများကို ကျောင်းသား လူငယ်များ၏ ပညာရေးအတွက် အဓိကထား ပံ့ပိုးခြင်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းကျောင်းကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဦးဇော်အေးမောင်တို့က အမှာစကားများ ပြောကြားကြသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဒေသကိုယ်စားလှယ်များအား ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကျောက်ကြီး သပြေညွန့်ကျေးရွာအုပ်စုများကိုယ်စား ကိုယ်စားလှယ်တစ်ဦးအား 90W ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းအစုံ (၄၀)၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက လိပ်သိုကျေးရွာအုပ်စု ကိုယ်စားလှယ်အား 90W ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်း အစုံ (၃၀) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သံတောင်ကျေးရွာအုပ်စု ကိုယ်စားလှယ်အား 90W ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်း အစုံ (၂၀)၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုင်းထွန်းညိုက သပြေညွန့်ကျေးရွာအုပ်စုမှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်အား 90W ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်း (၁၀) စုံတို့ကို ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက မြေညီထပ်၌ ခင်းကျင်းပြသထားသည့် ပြခန်းများအတွင်းရှိ အဓိက လူမျိုးကြီး (၈)စုနှင့် သက်ဆိုင်သည့် ပြကွက်များ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် သက်ဆိုင်သည့် ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုများ၊ ရိုးရာတူရိယာများ၊ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုကြသည်။