နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော်၊ နိုဝင်ဘာလ ၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် တာဝန် ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ဘားအံမြို့ရှိ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကရင်ပြည်နယ်အတွင်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်း များ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာပြီး ထူးချွန်ထက်မြက်ကာ နိုင်ငံသား ကောင်း၊ သမီးကောင်းများ ဖြစ်စေရေး အလေးထားပြုစုပျိုးထောင်ပေးသွားရန်နှင့် ဝန်ထမ်းရေးရာကိစ္စ ရပ်များအား ရှင်းလင်းဆွေးနွေး မှာကြားကာ ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နေ့၊ နေ့လည်ပိုင်းတွင် ဘားအံမြို့၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းဝင်း အတွင်းရှိ  သင်တန်းခန်းမဆောင်၊ သင်တန်းသားလက်တွေ့အလုပ်ရုံများ၊ သင်တန်းသား အိပ်ဆောင်များ၊  သင်တန်း ကျောင်းစားရိပ်သာတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ပါသည်။
    ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘားအံမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများသို့ ရောက်ရှိစစ်ဆေး၍ စိုက်ပျိုးမွေးမြူရေးနှင့် သက်သာချောင်ချိရေး ကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအပေါ်   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘားအံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသူများ၊ ကျောင်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ ထောက်ပံ့ငွေများ၊  ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ၊ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများအား  ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းကျောင်းဝင်းအတွင်း သင်တန်းသူများ လက်တွေ့လေ့ကျင့် ဆောင်ရွက်နေမှု၊ စာကြည့်တိုက်၊ သင်တန်းသူအိပ်ဆောင်၊ စားရိပ်သာတို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး သင်တန်းကျောင်းနှင့် ဝန်ထမ်းများအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ခဲ့ပါသည်။
    ဆက်လက်၍ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း သို့ ရောက်ရှိပြီး ကျောင်းသားအိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် 100 KVA ထရန်စဖော်မာ ဓါတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးကာ သင်တန်း ကျောင်းအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Post Paragraph
video-upload