
နေပြည်တော် နိုဝင်ဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ၊ လပွတ္တာနှင့် ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများနှင့် အောင်ပန်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဖွင့်ပွဲများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်၊ ကျောက်ဖြူမြို့ သင်တန်းကျောင်းတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံတို့ အသီးသီးတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ ဘားအံ၊ လပွတ္တာနှင့် ကျောက်ဖြူ သင်တန်းကျောင်း ၃ ကျောင်းတွင် ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းတို့တွင် သင်တန်းသား/သူ စုစုပေါင်း ၁၆၀ ဦးဖြင့် သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် အိပ်ခန်းဆောင် သင်တန်းသား ၂၀ ဦး၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းသား ၂၀ ဦး ပေါင်း ၄၀ ဦးတို့ဖြင့် စာတွေ့ ရက်သတ္တ ၁၄ ပတ်နှင့် ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း (On Job Training-OJT) ကာလ ၃ လကြာ သင်ကြားဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်းသား/သူ စုစုပေါင်း ၆၀၇၇ ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများတွင် သင်တန်းသား/သူ စုစုပေါင်း ၇၅၀ ဦးအား သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

