နှစ်စဉ်ဒီအချိန်ရောက်တိုင်း ကြားနေကျ နွေဂီတသံစဉ်မှာ “ဒီနှစ် တော်တော်ပူတယ်” ဟုပင်။
ကဆုန်လသည် မြန်မာလများတွင် ဒုတိယလဖြစ်၍ နွေဥတုတွင်ပါဝင်သည်။ နွေရာသီ၏ ဗဟို ချက်မ အလယ်လဖြစ်ရကား “ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်” ဆိုသကဲ့သို့ အပူရှိန်လွန်ကဲသောလ ဖြစ်ပေ၏။ ကဆုန်လ၏အပူဟုန် ပြင်းပြမှုကြောင့် အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်၊ ချောင်း၊ ရေနုတ်မြောင်းတို့ ရေခန်း၍ ခြောက်သယောင်းကုန်ကြ၏။ ပြီးခဲ့သည့်တန်ခူးလက ဖက်ဆွတ်မိုး ရွာခဲ့ သေးပါသည်။ မိုးကြောင့် ခေါင်းပြူထွက်လာသော မြက်နု၊ ရွက်နုများသည် နွေအပူစက်ရိပ် အောက်တွင် ညှိုးနွမ်း ပျော့ခွေသွားကြရပါသည်။ မိုးဒေဝါကလည်း ငြိမ်ငြိမ်မနေ၊ နေမင်းကို ခြိမ်းခြောက်၏၊ ကြိမ်းမောင်း၏။ မိုးနံ့လွှတ်၍ သတိပေး၏။ မိုးမရွာသော်လည်း မြေသင်းရနံ့တို့ကား တပျံ့ပျံ့မွှေးနေ၏။ ထို့ကြောင့် ရှေး တောင်သူဦးကြီးများက “ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့” ဟု မှတ်တမ်းပြုခဲ့ကြပါသည်။
ပူနွေးလာသော ကမ္ဘာမြေ
အစွန်းရောက် ရာသီဥတုများနှင့်အတူ ကမ္ဘာကြီးသည် တဖြေးဖြေး ပူနွေးလာသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပုံမှန်ဖြစ်နေကျ ရာသီ အခြေအနေမှ သွေဖည်လာမှုကြောင့်ပင်ဖြစ်ပါသည်။ အချို့နေရာများတွင် မိုးရွာသွန်းသည့်ရက်များ တိုလာ၏။ အချို့နေရာများတွင် မိုးခေါင်သည့်ကာလ ရှည်လျားလာနေသည်။ မုန်တိုင်းများ၏ ပြင်းထန်မှုအား သိသာစွာပိုလာသည်။ ကမ္ဘာ့ပျှမ်းမျှ အပူချိန်သည် တဖြေးဖြေး မြင့်တက်လာနေသည်။ ရာသီဥတုပြောင်းလဲမှုများသည် လူသားတို့ အတွက် အန္တရာယ်အကြီးဆုံး စိန်ခေါ်မှုပင် ဖြစ်ပါ၏။ အပူချိန်မြင့်တက်မှုကြောင့် မိုးရွာသွန်းမှု နည်းပါးလာပါသည်။ မြေပေါ်၊ မြေအောက်ရေများ ရှားပါးလာပါသည်။
ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေအားလျှပ်စစ်နှင့် သောက်သုံးရေရရှိရေးတို့ကို ထိခိုက်ခဲ့ပေပြီ။ အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များမှာလည်း ကျန်းမာရေး ပြဿနာများ နှင့် ရင်ဆိုင်ကြရပေသည်။
မတိုးမလျော့သောရေပမာဏ
ပညာရှင်များကမူ ဤသို့ဆိုပါသည်။ “ကမ္ဘာကြီး၏ မြေပေါ်၊ မြေအောက်ရှိ ရေပမာဏ သည် အပြောင်းအလဲမရှိ၊ တစ်သမတ်တည်း တည်နေ၏။ ကမ္ဘာပေါ်တွင် လူဖြစ်ပေါ်စဉ်က စ၍ရှိသော ရေပမာဏနှင့် ယခုလက်ရှိရေပမာဏသည် အတူတူပင်ဖြစ်သည်။ လျော့အောင်လုပ်၍ မရသကဲ့သို့ ပိုများအောင်လည်း ဖန်တီးယူ၍မရ။ မိုးအဖြစ်ရွာကျလာသောရေများသည် ကမ္ဘာ့ မျက်နှာပြင်မှ အငွေ့ပျံတက်သွားသော ရေများသာဖြစ် သည်။ အသစ်တိုးလာသောရေများ မဟုတ်။”
ကမ္ဘာပေါ်ရှိရေပမာဏ မတိုးမလျော့ပုံသေရှိသည် ဆိုငြားသော်လည်း လူဦးရေတိုး လာသော အခါ တစ်ဦးချင်းစီအတွက် ရနိုင်သောရေပမာဏမှာ ယုတ်လျော့လာလေသည်။ ထို့ကြောင့် လူဦးရေတိုးလာခြင်းနှင့်အတူ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွင် ရေအသုံးပြုမှု ပိုလာသည့်ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုများက ထပ်ဆင့်လိုက်သောအခါ ရေကောင်း၊ ရေသန့် အလုံအလောက်ရရှိရန် ခက်သည်ထက် ခက်လာခဲ့ပေပြီ။
မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ်များ
စာရေးသူတို့ မြန်မာနိုင်ငံသည် ရေအရင်းအမြစ် (Water Resources) အလွန်ကြွယ်ဝ သော နိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့ရေပေါသောဒေသများတွင် ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ပါဝင်ပါသည်။ နိုင်ငံတစ်ဝှမ်း၌ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းကဲ့သို့ ပင်မမြစ်ကြီးများ၊ မြစ်လက်တက် များနှင့် မြစ်ခွဲများမှာ စုစုပေါင်း ၁၂၀ ကျော်ပင်ရှိကြောင်း သိရပါသည်။ အာရှတိုက်တစ်ခုလုံးမှာ ရှိသမျှရေချိုအရင်းအမြစ်၏ ၁၂ ပုံ ၁ ပုံသည် မြန်မာပြည်တွင် ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
မည်သို့ပင်ဆိုစေကာမူ ရေရှားပါးသည့်ဒေသများမှာ ရေရှားပါးမြဲပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဇုံတိုင်း ၃ တိုင်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နွေရာသီ၌ သောက်စရာ ရေပြတ်လပ်မှု အမြဲကြုံ နေရ၏။ မြေအောက်ရေကို အနက်ပေ ၆၀၀ မှ ၁၀၀၀ အတွင်း တူးကြရပါသည်။ သို့သော် နေရာ တိုင်းတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲ၍ မရခဲ့။ ရေရရှိရန် မသေချာခဲ့။ ရွှေကိုမလို၊ ငွေကိုမလို၊ ရေကိုသာလိုသော ဒေသများပင်ဖြစ်ပါသည်။
ထိုနည်းအတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေငန်များ ပတ်ပတ်လည်ဝိုင်းနေပြီး မြေအောက်ရေ မရနိုင်သော ခရမ်း၊ သုံးခွနှင့် ကော့မှူးတို့သည်လည်း နှစ်စဉ်နွေရာသီ ရောက်လေ တိုင်း ရေပြဿနာကြုံတွေ့နေရဆဲဖြစ်ပါသည်။
စာရေးသူတို့ ငယ်စဉ်အချိန် တာဝန်အရ တိုင်းရင်းသားဒေသများသို့ တောအနှံ့၊ တောင်အနှံ့ ရောက်ခဲ့၊ ခြေဆန့်ခဲ့ဖူးပါသည်။ ထိုအချိန်က တောင်ထိပ်ရှိကျေးရွာများ၌ပင် သဘာဝရေ အလွန်ပေါ များခဲ့သည်။ လုံလောက်ခဲ့သည်။ အလျှံအပယ်ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးဆိုလျှင် တစ်ချိန်က ရေအရင်းအမြစ် အလွန်ပေါများလှသည့် ဒေသများ ဖြစ်ပါသည်။ ရေထွက်များမှ ရေထွက်ကြသည်။ ကျောက်ကြို၊ ကျောက်ကြားများထဲကပင် ရေများ စိမ့်ထွက်နေ ကြသည်။ စိမ့်ထွက်လာ သောရေများသည် စုပေါင်းလျက် ချောင်းများအဖြစ် စီးဆင်း ကြသည်။ ယခုမူ ထိုသဘာဝရေထွက်များပင်လျှင် ရေထွက်မှု နည်းပါးခဲ့ပေပြီ။ အချို့နေရာများရှိ နှစ်ပေါက်စီးသော ချောင်းများမှာ နှစ်ပေါက်မစီးသောအခြေအနေကို ရောက်ခဲ့ပေပြီ။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများနှင့်အတူ မြေပေါ်ရေများ ခမ်းခြောက်ခဲ့ပေပြီ။
မြေအောက်ရေအောင်းလွှာအား ရေဖြည့်ပေးနိုင်မှု နည်းခဲ့ပေပြီ။ ထို့ကြောင့် နိုင်ငံအတွင်း တွင် Water Resources Management (ရေအရင်းအမြစ်စီမံခန့်ခွဲမှု) ဆောင်ရွက်ပေးရန်များစွာ အရေးကြီးလှပါသည်။
သဘာဝတရားကို အံတုကြမည်
“သဘာဝတရားကို အမိန့်ပေးလို့ မရဘူး၊ သူ့အမိန့်ကိုသာ နာခံရတယ်” ဟုဆိုသော်ငြား လည်း မိမိတို့ဘဝများ ရှင်သန်လည်ပတ်နိုင်ဖို့ သဘာဝတရားကြီးကို အံတုကြရပေမည်။ လှပသော ကမ္ဘာမြေ၏ ဖွဲ့စည်းပုံစနစ်ကို အကောင်းဆုံးပြင်ဆင်ကြရပေမည်။ လူသားတို့၏ကြိုးပမ်း ဆောင်ရွက်မှုကြောင့် “တောင်ကြီး ဖဝါးအောက် ရောက်ရမည်၊ လှိုင်းကြီး လှေအောက် ရောက်ရ မည်၊ တောင်တွေ့လျှင် လမ်းဖောက်ရမည်၊ မြစ်ချောင်းတို့ကို တံတားထိုး၍ ဖြတ်ကျော်ရမည်၊ သောက်သုံးရေရှားပါးသောဒေသများကို ရေဖူလုံအောင် စီမံဆောင်ရွက်ပေးရပါမည်၊ စိုက်ပျိုးရေ ရှားပါးသော ဒေသများကို စိုက်ပျိုးရေဖူလုံအောင် ဆောင်ရွက်ပေးကြရပေမည်။”
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရေရရှိရေးဆောင်ရွက်ပေးမှုများ
နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ရေရရှိရေးလုပ်ငန်းများဖြစ်သော သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးရေ ရရှိရေးတို့လည်း ပါဝင်ပါသည်။
နယ်စပ်ဒေသများအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအား ဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ ဆည်များ၊ လျှိုပိတ်တမံများ၊ စိမ့်စမ်းရေ သွယ်ယူခြင်းများ၊ အုတ်ရေကန်များ၊ မြေသားရေကန်များ၊ မိုးရေလှောင်ကန်များ၊ ရေစုကန်များ၊ စက်ရေတွင်း (တွင်းတိမ်)များ၊ အဝီစိစက်ရေတွင်း(တွင်းနက်)များ တူးဖော်ပေးခြင်း၊ ရေစက်ရုံများ တည်ဆောက်ပေးခြင်းနှင့် ဖိုက်ဘာရေတိုင်ကီများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက် ပေး နိုင်ခဲ့ပါသည်။
စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအနေဖြင့်လည်း ဆည်များတည်ဆောက်ပေးခြင်း၊ စိုက်ပျိုးရေ သွယ်ယူပေးခြင်းနှင့် ရေနုတ်မြောင်းများ တည်ဆောက်ပေးခြင်းတို့ကို အကောင်အထည် ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ယခုအခါ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဆိုလာစွမ်းအင်ဖြင့် ချောင်းရေတင်၍ စိုက်ပျိုးရေ ပေးဝေရေးလုပ်ငန်းများကို ကနဦးရှေ့ပြေးစီမံချက်များ (Pilot Project) အနေဖြင့် ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။
၁၉၈၉-၁၉၉၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လထိ ဆောင်ရွက်ပေးခဲ့သော ရေရရှိရေး လုပ်ငန်းများအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် ၁၉၈၅၅.၇၈၉ သန်း သုံးစွဲခဲ့ပြီးဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရရှိရေးလုပ်ငန်းများ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကလိန်ခြေရွာ၊ ကျောင်းရွာ၊ ကျည်းပင်ခွရွာ၊ ကျောက်ပန်းတောင်းမြို့နယ် ဇလင်းတောင်ကျေးရွာအုပ်စု၊ လယ်ယားတောင်ကျေးရွာအုပ်စုနှင့် တွင်းဖြူကျေးရွာအုပ်စု၊ ညောင်ဦး မြို့နယ်၊ ထီးပုကျေးရွာအုပ်စုတို့တွင် မြေသား သောက်ရေကန်များ တူးဖော်ပေးခဲ့ပါသည်။
ငါ့သရောက်မြို့နယ် တောပြားကျေးရွာ၊ ဝက်လူးကျေးရွာ၊ တောင်ဇင်ကျေးရွာအုပ်စု၊ မကျည်းစောက်ကျေးရွာ၊ ပျော်ဘွယ်မြို့နယ်ရှိ ပန်းအိုင်လှကျေးရွာနှင့် အေးသာယာကျေးရွာ၊ သာစည် မြို့နယ်ရှိ သစ္စာပန်မိုးကုတ်ရိပ်သာ ကျောင်းတိုက်တို့တွင် အဝီစိရေတွင်း (ရေနက်တွင်း)၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေစုကန်နှင့် ရေစက်ရုံများကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ကျေးရွာတွင် ရေကန်ဟောင်းများ ပြုပြင်ပေးခြင်းအပြင် ရေ ပိုမိုသိုလှောင်နိုင်ရန် ကင်းတာဆည်မြောင်းမှတစ်ဆင့် ရေသိုလှောင်ကန်အတွင်းသို့ ဆည်ရေတင် ယူရာတွင် လိုအပ်သော 50 KVA Transformer အသစ်တစ်လုံးနှင့် 11 KV လိုင်းကြိုးသွယ်တန်းခြင်း လုပ်ငန်းများကိုလည်း ဆက်စပ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ဂွေးပင်လေး၊ တုံရွာ၊ လင်းတကိုင်း၊ ဆင်က၊ ကုန်းကြီး၊ ကတောက်ကျောင်း၊ ကံသစ်ကုန်းကျေးရွာတို့တွင် မြေသားရေကန်နှင့် အဝီစိရေတွင်း (ရေနက်တွင်း) တူးဖော်ခြင်းနှင့် တမံများ တည်ဆောက်ပေးခြင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်များ၊ ရေစက်ရုံများနှင့် တမံများ တည်ဆောက်ပေးခြင်းတို့ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မကွေးမြို့နယ်၊ မကွေးအခြေခံ ကျန်းမာရေးတက္ကသိုလ်၊ ကြို့ပင်အင်းကျေးရွာနှင့် ဆူးကောက်စမ်း ကျန်းမာရေးဌာနခွဲ၊ မြင်စိုင်းကျေးရွာတို့တွင်လည်း အဝီစိရေတွင်းများ၊ အုတ်ရေစုကန်များ၊ ရေစက်ရုံများ တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ နှစ်စဉ်ရေခက်ခဲမှုကြုံတွေ့နေရသည့် သုံးခွမြို့နယ်ရှိ အနောက် တံခွန်တိုင်ကျေးရွာ၊ အိဿယျ ကျေးရွာ၊ လက်ပန်ကျေးရွာ၊ လသာကုန်းကျေးရွာ၊ တမံကြီးကျေးရွာ၊ ကျွဲခိုကန်ကျေးရွာနှင့် သခွတ်ကုန်းကျေးရွာတို့အတွက် သောက်သုံးရေကန် ၇ ကန်တူးဖော်ခြင်းနှင့် ထိုရေကန်များအား ခြံစည်းရိုးကာရံခြင်း၊ ရေတုံကင်ပြုလုပ်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံများကို ပျော်ရွှင်စေခဲ့ပါသည်။
ထို့အပြင် ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း၊ အမှတ်(၂) ရပ်ကွက်တွင်တည်ရှိသော မြကျွန်းသာ ရေကန်အား ထပ်မံပြင်ဆင်ပေးပြီး ရေချိုထိန်းသိမ်းရေးကို များစွာအထောက်အကူ ဖြစ်စေခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ညောင်ပင်လှကျေးရွာ၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးဒေသ၊ စမ်းကြီးကုန်း၊ လေးအိမ်စုနှင့် ကိုင်းတာကြီးကျေးရွာတို့တွင် စက်ရေတွင်းများ၊ ရေစုကန်များနှင့် ရေစက်ရုံများ တည်ဆောက်ပေးခြင်း စသည့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါသည်။
စိုက်ပျိုးမြေကြွယ်ဝရေး
နိုင်ငံတစ်နိုင်ငံ၏ စိုက်ပျိုးနိုင်သောမြေများသည် ထိုနိုင်ငံ၏ရိက္ခာကြွယ်ဝမှုကို ဖော်ပြသော သင်္ကေတပင်ဖြစ်ပါသည်။ ဘဝရှင်သန်ဖို့နှင့် အရာရာဖွံ့ဖြိုးဖို့အတွက် လယ်ယာမြေ ဧရိယာများသည် အခြေခံကျလှ၏။
ယခုအခါ ရေခက်ခဲမှုသည် စိုက်ပျိုးမြေဧရိယာကို ခြိမ်းခြောက်နေကြပေပြီ။ သစ်တောပြုန်းတီးခြင်း၊ မြေဆီလွှာပြုန်းတီးခြင်း၊ ခေတ်ပေါ်စိုက်ပျိုးရေး၏ ဓာတုပစ္စည်းများကို အားထားလွန်း ခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အရည်အသွေးကျဆင်းလာပေပြီ။
ဧရိယာတစ်ခုတည်းမှာ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးခြင်းသည် ဂေဟဗေဒစနစ်နှင့် တောင်သူတို့၏ စီးပွားရေးကို ထိခိုက်စေပါသည်။ ထို့ကြောင့် စိုက်ပျိုးမြေများတွင် ရာသီအလိုက်သီးနှံ များဖြင့် အမြဲစိမ်းလန်းစိုပြေနေသင့်ပေသည်။ သီးနှံမျိုးစုံစိုက်ပျိုးခြင်းကြောင့် ပိုးမွှားကျရောက်မှု လည်း နည်းစေပြီး ဇီဝမျိုးနွယ်စုံကို ထိန်းသိမ်းနိုင်ကြောင်း ပညာရှင်များက ဆိုကြပါသည်။
မြေရှိပါက ရေရှိရန်လည်းလိုပါသည်။ ရေအားအချိန်မရွေး အလွယ်တကူ ရရှိနိုင်ရန် ဆောင်ရွက်ပေးရန်လိုအပ်ပါပေသည်။
ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းခရီးစဉ်တွင် “ဒေသ ဖွံ့ဖြိုးရေးအတွက် ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်းနှင့် မိုင်းခတ်မြို့နယ်၊ နမ့်လွေချောင်းဘေး ဝဲယာများတွင် နေရောင်ခြည် စွမ်းအင်သုံး Solar စနစ်ဖြင့် ရေတင်၍ ချောင်းတစ်လျောက် ဘယ်/ညာ ၁ကီလိုမီတာ ပတ်ဝန်းကျင် အတွင်း ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေး၊ဒေသစံပြစိုက်ခင်းများဖြစ်အောင် ဆောင်ရွက်ပေးရန်” လမ်းညွှန်မှာကြားခဲ့ပါသည်။
ရေကိုအကျိုးရှိစွာ သုံးစွဲရေး စေတနာလမ်းညွှန်ချက်ပင်ဖြစ်ပါသည်။
နတလ၏ Solar စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများ Pilot Project
ခရီးမည်မျှဝေးကွာသည်ဖြစ်စေ၊ ကြမ်းတမ်းသည်ဖြစ်စေ၊ ပထမဆုံးခြေလှမ်းသည် အရေးကြီးဆုံးဖြစ်ပါသည်။“နတလ”သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် စိုက်ပျိုးရေပေးဝေရေး လုပ်ငန်းအတွက် ပထမဆုံးခြေလှမ်းအား အောင်မြင်စွာ စတင်နိုင်ခဲ့ပေပြီ။
ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာ အကြား ကွင်းအမှတ် (၇)၊ ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ကွက်ပေါ်တွင် 2.4 Kw ဆိုလာစနစ်တည်ဆောက်ခြင်းနှင့် 1500 W ရေပန့်တပ်ဆင်လျက် နမ့်ဝိန်း ချောင်းမှ ချောင်းရေတင် စိုက်ပျိုးနိုင်ရေး စတင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ရာ ဧပြီလကုန်မှအစပြု၍ ဒေသခံတိုင်းရင်းသား တောင်သူများသည် ၁၂ လရာသီပါတ်လုံးစိုက်ပျိုးရေ ရရှိနိုင်တော့မည် ဖြစ်ပါသည်။
အဆိုပါ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးခြင်းလုပ်ငန်းအား နတလနှင့် ဒေသခံ တောင်သူများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဒေသခံတောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေ ၁၂.၅၂ ဧက အား လွှမ်းခြုံ အကျိုးပြုမည်ဖြစ်ပြီး မိုးစပါး၊ နွေစပါးနှင့် ရာသီသီးနှံများ စိုက်ပျိုးရာတွင် ကုန်ကျစရိတ် လျော့နည်းသက်သာခြင်း၊ ၁၂ လရာသီ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ တောင်သူများ ဝင်ငွေပိုမို တိုးတက်လာခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ဝမ်ခုတ်ကျေးရွာ နမ့်လွေချောင်းဘေး လယ်ကွင်းအမှတ် ၂၄ ရှိ စိုက်မြေနေရာ ၁၀ ဧကနှင့် မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ တာခွယ်ကျေးရွာ၊ နမ့်ဝမ်ချောင်းဘေးရှိ စိုက်ကွင်းမြေ ၁၀ ဧကတို့အပြင် မိုင်းဆတ်မြို့နယ်နှင့်မိုင်းဖြတ်မြို့နယ်တို့တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၎င်းအပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နောင်ငင်ကျေးရွာ၊ ရပ်စောက် မြို့နယ်၊ ကျိုင်းခမ်းကျေးရွာနှင့် မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန် မြို့နယ်၊ ကောင်းဟုန်းရွာ၊ ကွတ်ခိုင်မြို့နယ်၊ လွန်လိုင် ကျေးရွာနှင့် မုံးပေါ်လေးကျေးရွာတို့တွင်လည်း ဆိုလာစွမ်းအင်ဖြင့် ချောင်းရေတင်ပြီး စိုက်ပျိုးရေ ပေးဝေနိုင်ရေး အစီအမံများရေးဆွဲ၍ ဆောင်ရွက် လျက်ရှိပါသည်။
ဒေသခံများ၏ ရင်ထဲကစကားသံများ
မိုင်းပျဉ်းဒေသခံတိုင်းရင်းသား တောင်သူကြီးများမှလည်း “ကျွန်တော်တို့ဒေသရဲ့ ဓလေ့အရ မိုးစပါးကို ဧပြီလ သင်္ကြန်အပြီးတွင် စတင်ပျိုးထောင်ကြပြီး မေလစတုတ္ထအပါတ်တွင် စိုက်ပျိုးကြပါတယ်။ ရာသီသီးနှံစိုက်ပျိုးရန်မှာလည်း အချိန်တစ်လခွဲခန့်သာ ကျန်ရှိတော့တဲ့အတွက် အချိန်လုံလောက်မှုမရှိတော့လို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် မိုးစပါးပျိုးထောင်ချိန်ကိုသာ အချိန်စောပြီး ပျိုးထောင်သွားပါမယ်။ အခုလို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိတော့မှာဖြစ်လို့ လာမည့်မိုးစပါးရိတ်သိမ်းအပြီးဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် ဧပြီလဆန်းများအထိ နွေစပါးနှင့် ရာသီပေါ်သီးနှံများကိုပိုမိုတိုးချဲ့ စိုက်ပျိုးသွားနိုင် တော့မှာဖြစ်တဲ့အတွက် နိုင်ငံတော်အား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်ဝမ်းမြောက်ဝမ်းသာကြိုဆို ပါကြောင်း” ဟုကျေးဇူးစကားဆိုပါသည်။
ရှမ်းပြည်နယ်သည် သဘာဝက ပေးအပ်ထားသည့် မြေဆီ၊ မြေနှစ်၊ မြေဆီလွှာတို့ အလွန် ကောင်းမွန်လှပေ၏။ မြေပေါ်သို့ “မျိုးစေ့” ကျလျှင် အပင်ဖြစ်ထွန်းစေ၏။ ရေရရှိပါက ပိုမိုရှင်သန် ကြီးထွားကြလေ၏။
နိုင်ငံတော်မှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းအပေါ် ဒေသခံ တောင်သူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြောင်း သိရှိရသည့်အတွက် အလွန်ပင် ပီတိ ဖြစ်ရပါသည်။
ဤ Pilot Project များအား စံပြအဖြစ် အောင်မြင်စေရန် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြရပါမည်။ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွား ပါမည်။ ဒေသခံများကိုယ်တိုင် အသိစိတ်ဖြင့် အားကျစေပါမည်။ ဒေသခံများ ဝင်ငွေတိုးလာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနုပညာ
မြန်မာတို့သည် ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်နှင့် ကျေးငှက်တိရစ္ဆာန်တို့ကို ချစ်မြတ်နိုး တန်ဖိုးထား တတ်ကြသူများဖြစ်ပါသည်။ ကာကွယ်စောင့်ရှောက်ခဲ့သူများလည်း ဖြစ်ပါသည်။ လွန်ခဲ့ သောနှစ်ပေါင်းများစွာကပင် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပေါ် အလေးထားခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
သာဓကဆိုရသော် မဟာပုဂံသည် မြန်မာတို့၏ ရွှေခေတ်ဖြစ်ခဲ့ပါသည်။ “မြကန်” သည် ပုဂံနှင့် ရှစ်မိုင်အကွာ တုရင်တောင်ခြေတွင် တည်ရှိပါသည်။ ကျန်စစ်သား မင်းကြီးသည် “မြကန်”ကို ဆည်ဖို့ခဲ့သူဖြစ်သည်။ ရှေးစာဆိုတို့သည် ထို “မြကန်”ကို ကဗျာဖွဲ့ခဲ့ လေသည်။
ကဗျာလေးမှာ-
“မြကန်”
မြကန်သာ၊ တောင်ကျချောင်းတေး၊
ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊ ဘုံဝတိံသာက
နန္ဒာလော၊ တူစွဟုတ္တာ။..........ဟူ၍ဖြစ်ပါသည်။
“တောင်ကျချောင်းရေ” ကို အလဟဿ မဖြစ်အောင် ဆည်ဖို့ပေးခြင်းသည် ရေသယံဇာတ “Water Resources” ကို ထိန်းသိမ်းပေးခဲ့ခြင်းပင်ဖြစ်သည်။ “ကြာ” အစရှိသော သစ်ပင်၊ ပန်းပင် များကို သင်းထုံစေရန်၊ စိမ်းစိုစေရန် စီမံလိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက် လိုက်ခြင်း (Prevention of Natural Environment) ပင်ဖြစ်သည်။ ငှက်ပေါင်းစုံ ပျော်မွေ့နိုင်စေခြင်း သည် ဇီဝမျိုးနွယ်စုံ (Biodiversity)ကို ထိန်းသိမ်းခြင်းပင်ဖြစ်ပါသည်။
မြကန်ကဗျာကို AD-၁၂၀၇ ခုနှစ်က ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ဆိုရသော် မြန်မာတို့၏ ရေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွေးအမြင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ကပင် စတင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြလျက်ရှိပါသည်။
ရှေးမင်းအဆက်ဆက်မှသည် ယနေ့တိုင်နိုင်ငံတော်သည် နိုင်ငံသူ/နိုင်ငံသားတို့၏ သောက်သုံးရေဖူလုံရေးနှင့်စိုက်ပျိုးရေရရှိရေး တို့ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း မှတ်တမ်းများအရ ကြည်နူးဖွယ် တွေ့ရှိနိုင်ပါသည်။
ကောင်းမွန်သော အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။
ဖွံ့ဖြိုးရေး ရေအလျင် ကြည်ကြည်လင်လင် တသွင်သွင်
ယနေ့အချိန်အခါတွင် နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးပြီးဖြစ်သော ရေရရှိရေးလုပ်ငန်းများဖြစ်သည့် စက်ရေတွင်း၊ သောက်သုံးရေကန်၊ တောင်ပေါ်ရေသွယ်စနစ်များမှ “သောက်သုံးရေ” ကြည်ကြည်လင်လင်တို့အား ဒေသခံတို့ ချိုမြိန်စွာသောက်သုံး ပျော်ရွှင်နေကြပေပြီ၊ Solar စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော “ချောင်းရေတင်စီမံကိန်း”မှ ရေအလျင်တို့သည်လည်း ဒေသဝမ်းစာဖူလုံရေး၊စိုက်ပျိုးရေ ရရှိရေး အတွက် တသွင်သွင် စီးဆင်းလျက်ရှိနေပေတော့သည်။
ဝ ထ က လ သ
(န တ လ)