ဖရူဆိုမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုခြင်း

ဖရူဆို   နိုဝင်ဘာ ၁

          နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၅၆ ဒဿမ ၅၀၀ သန်းဖြင့် ဟိုယာ-ရီခီးဘူး-ခါးဘယ်-ဘွယ်ဒိုးသာ (၁၅/၀)မိုင်အနက် အကျယ်(၁၂)ပေ၊ (၁၂)လက်မထု၊ အမာခံလမ်းပုခုံးတစ်ဖက် (၄) ပေစီပါ (၂/၀)မိုင် ကတ္တရာဆက်လက်ခင်းခြင်း လုပ်ငန်းအား ကယောရွှေပြည် ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ငန်း စတင်ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။  

          အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် (၁၅/၀)မိုင် ရှိသည့်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၄၃၄ ဒဿမ ၂၁၃ သန်းဖြင့် (၂/၂) မိုင် ကတ္တရာခင်းခြင်း၊ (၁/၆) မိုင် လမ်းတာချဲ့ခြင်းနှင့် လေးပေ Box Culvert သုံးစင်းတည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေကျပ် ၄၄ ဒဿမ ၅ သန်းဖြင့် အတက်အဆင်း မတ်စောက်သည့်နေရာများတွင် (၀/၂)မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၆၉ ဒဿမ ၇၀၇ သန်းဖြင့် (၃/၇)မိုင်  လမ်းတာချဲ့ခြင်း လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်(၁၂/၄)မိုင် အနက် (၂/၀)မိုင်အား  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၅၆ ဒသမ ၅၀၀ သန်းဖြင့် ကတ္တရာခင်းခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက နယ်စပ် ဒေသ ကျေးလက်နေပြည်သူများ တစ်ရွာနှင့် တစ်ရွာ ရာသီမရွေးဆက်သွယ် သွားလာနိုင်မည်ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူလူထု တို့သည် ဖရူဆိုမြို့၊ ဒီမောဆိုမြို့၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့များသို့ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ပြီး ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသထွက်ကုန်များလည်း လွယ်ကူလျင်မြန်စွာ ကူးသန်းရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Post Paragraph