" ပညာပြည့်စေ၊ နှလုံးလှစေ၊ ကောင်းကျိုးတည်စေ " ( ၁ )

                                            "ပညာပြည့်ဝ နှလုံးလှသော်
                                             ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်
                                             ကျဉ်းကျယ်ထွင်းဖောက်
                                             ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။"
                                                                                   မန်လည်ဆရာတော်
                                                                                   မဃဒေဝလင်္ကာသစ်
    စာရေးသူ၏အလုပ်စားပွဲပေါ်၌ စာမျက်နှာ ၆ ရွက်ပါ စာတစ်စောင်ရှိသည်။ 
    စာရေးထားသူက တိုင်းရင်းသား အရာထမ်း ညီငယ်တစ်ဦး။ သူ၏လက်ရေးမူဖြင့်ဖြစ်၏။
    သူကစာရေးကောင်းသည်။ ကျိုးကြောင်းပြ၍ စိတ်ဝင်စားဖွယ် ရေးတတ်သည်။ စာရေးသူနှင့် သူဆုံတော့ သူ့ဘဝ၊ သူ့အကြောင်း စကားစပ်မိသည်။ သူက ပြည့်ပြည့်စုံစုံဖြစ်စေရန် စာရေးပေးမည် ဟုပြောပြီး ဤစာကိုရေးပေးခဲ့ခြင်းဖြစ်ပါသည်။
    စာပါအကြောင်းခြင်းရာများက တောင်ပေါ်တိုင်းရင်းသား လူငယ်တစ်ဦး၏ ကိုယ်တွေ့ အတိတ် နှင့် ပစ္စုပ္ပန်ပညာရေးကဏ္ဍ ဖြတ်သန်းမှုအကြောင်း ရိုးသားစွာ ဆက်စပ်ရေးသားဖော်ပြထား၏။ အချိန်ကာလ‌များ ရွေ့လျားခြင်းနှင့်အတူ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေတောင်မြှောက်ပေးခဲ့သည့် နိုင်ငံတော်၏ စေတနာ၊ ပုံရိပ်တို့ကို ထင်ရှားစေပါသည်။ သူ၏စာကို ဖတ်ရင်း တောင်တန်းဒေသမှ မျိုးဆက်သစ်လူငယ် တစ်ဦး၏ ငယ်စဉ်ဘဝမှစတင်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာနှင့် လုပ်ငန်းခွင် ဝင်ရောက်သည်အထိ ဖြတ်သန်းမှုအား တစ်ဆင့်ပြီးတစ်ဆင့် စီးမျောခံစားခဲ့ရပါသည်။ 
ပလောင်တိုင်းရင်းသားလေး
    "စကားပြောပုံစံ" ဖြင့် သူ၏စာအား ဤသို့စတင်ရေးသားထားသည်။
    "ကျွန်ုပ်က အောက်ပန်ရုပ်ကျေးရွာ၊ နမ့်ခမ်းမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ မွေးပါတယ်။ မိဘနှစ်ပါးက ပလောင်တိုင်းရင်းသားတွေဆိုတော့ ကျွန်ုပ်လည်း အော်တိုမစ်တစ် ပလောင်လူမျိုးပေါ့။"
    "ကျွန်ုပ်တို့ငယ်စဉ် မွေးရပ်မြေတောင်ပေါ်ဒေသမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍပေါင်းစုံမှာ အားနည်းခဲ့တယ်။ ရွာသားအားလုံးလိုလို မိရိုးဖလာ လက်ဖက်လုပ်ငန်းကိုလုပ်ကြ တယ်။ ဒါ့အပြင် တောင်ယာစိုက်တယ်။ ယာလုပ်ငန်းရဲ့ စပါးအထွက်နှုန်းက သင့်တင့်ရုံပဲရပါတယ်။ ရာသီဥတုကိုအမှီပြု စိုက်ကြပျိုးကြရတာ။ မိုးခေါင်လျှင်တစ်မျိုး၊ မိုးများလျှင်တစ်ဖုံ စပါးထွက်နှုန်းက မကောင်းလှဘူး။ ရိတ်သိမ်းလို့ရတဲ့ စပါးတင်းရေအပေါ်မူတည်ပြီး ဝမ်းနည်းဝမ်းသာမှု ဖြစ်ကြရတယ်။ စပါးတင်းရေနည်းသည့်အခါ တစ်ရာသီလုံး မဖူလုံမည် ကိုတွေးပြီး ပူပင်ကြရတယ်။ ရာသီဥတုမျှတပြီး စပါးအထွက်နှုန်း ကောင်းတဲ့နှစ်တွေမှာတော့ ပျော်ရွှင်ကြည်နူးကြရတာပေါ့။ 
    မိရိုးဖလာ လက်ဖက်လုပ်ငန်းတွေကလည်း မိုးရာသီမှာ သိပ်အလုပ်မဖြစ်ပါဘူး။ ဒီလိုပဲ တောင်ပေါ်ကျေးလက်တွေမှာ နွေရာသီ တစ်မျိုး၊ မိုးရာသီ တစ်လီ၊ ဆောင်းရာသီတစ်ဖုံ အလျဉ်းသင့် သလို ဘဝကိုဖြတ်သန်းခဲ့ကြရတယ်။ မျိုးဆက်သစ်တွေရဲ့ ဘဝတွေကလည်း ထူးခြားတိုးတက် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူး။ ပညာသင်ကြားဖို့ဆိုတာ စိတ်ကူးယဉ် သက်သက်ပါပဲ။ တောင်ပေါ် ကျေးလက်ဒေသတွေမှာ သင်ကြားပေးမယ့် ဆရာ/ဆရာမ အင်အားကနည်းတယ်။ ရွာကိုရောက်လာ ကြတဲ့ ဆရာ/ဆရာမတွေကလည်း ခဏနေပြီး အကြောင်းအမျိုးမျိုးပြကာ မြို့ကိုပြန်သွားတတ်ကြတယ်။ ရွာမှာ ကျေးရွာကော်မတီအဖွဲ့က ရွေးချယ်ခန့်အပ်ထားတဲ့ လေးတန်းအောင် ဒေသခံ ကျောင်းဆရာ တစ်ဦးသာ အမြဲကျန်ရစ်မြဲပါ။" 
    "ဒီလိုတွေဖြစ်တာက နယ်မြေကလည်း မအေးချမ်းဘူးလေ။ တိုက်ပွဲတွေ ဖြစ်ကြတယ်။ အိုးအိမ်တွေ ကိုယ်ပိုင်ပစ္စည်းတွေစွန့်ပြီး ပြေးကြ၊ လွှားကြ၊ ပုန်းကြရတာပေါ့။"
    "စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို စစ်ဖြစ်ပွားတဲ့ဒေသမှာနေတဲ့ ဒေသခံ တိုင်းရင်းသားတွေရော၊ စစ်ပွဲကို ဆင်နွှဲနေကြတဲ့သူတွေသာ အသိဆုံးပါ။ ရွာသားတွေဟာ ရုပ်ဝတ္ထုပစ္စည်းဥစ္စာ မချမ်းသာကြပေမယ့် စိတ်အေးချမ်းသာစွာ နေထိုင်လိုကြတယ်။ ဒါပေမယ့် ထောင်ထားတဲ့မိုင်းကိုနင်းမိလို့ သေဆုံးကြ၊ ခြေပြတ်လက်ပြတ်ဒုက္ခိတဖြစ် ဘဝပျက်ခဲ့ကြရတဲ့ ရွာသားတွေရှိတယ်။ မီးလောင်ခံရလို့ အိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့မိသားစုတွေရှိတယ်။ ပညာဆက်မသင်ရတော့ မိရိုးဖလာလုပ်ငန်းတွေ လုပ်ကြ တယ်။ ကိုယ့်ပတ်ဝန်းကျင်ကလွဲလို့ နိုင်ငံ့အကြောင်း ဘာမှမသိတော့ဘူး။ တချို့ မူးယစ်ဆေးဝါးတွေ သုံးတယ်။ တချို့ လက်နက်တွေကိုင်ကြတယ်။  ငယ်စဉ်ကတော့ သဘောကျခဲ့ဖူးတယ်။  ကြီးလာတဲ့ အခါ ပညာအားနည်းတဲ့သူတွေ လက်ထဲမှာရှိတဲ့ လက်နက်တွေက ပိုပြီးကြောက်ဖို့ကောင်းတယ် ဆိုတာ သိမြင်လာတယ်။"
သူ၏စာကိုဖတ်ရင်း ဤသို့စဉ်းစားမိပါသည်။
ပညာဟူသည်
    ပညာဟူသည် လူ့ဘောင်အဖွဲ့အစည်းတွင် အရေးပါဆုံးသော ကဏ္ဍတစ်ရပ်ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။ ပညာ ဟူသည် အမှား/အမှန်ကို စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်သောဉာဏ်ကို ပေးစွမ်းနိုင်သော စွမ်းရည် များဖြင့်လည်း ပြည့်စုံပေသည်။ ထို့ကြောင့် ခိုင်မာသော တိုးတက်သော လူ့ဘောင်အဖွဲ့အစည်း တစ်ခုဖြစ်ရန်အတွက် ပညာသည်သာ အဓိကဖြစ်ပေသည်။
    ယခုအချိန်တွင် နိုင်ငံတော်သည် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ပညာရေးအတွက် ယခင်က စာသင်ကျောင်း မရှိသောနေရာများတွင် စာသင်ကျောင်းများဖွင့်လှစ်ပေးခြင်း၊ ဆရာ၊ ဆရာမ များစေလွှတ်ခြင်း စသောလိုအပ်သည့် ပညာရေးကွက်လပ်များအား ဖြည့်ဆည်းပေးနိုင်ခဲ့ပေပြီ။ နယ်စပ်ဒေသများထဲမှ ကိုးကန့်ဒေသတွင် လောက်ကိုင်၊ ချင်း‌ရွှေဟော်၊ ဆီအော၊ ပါစင်ကျော်၊ တာရွှေထန်၊ နမ့်ထော်၊ ကျိုင်းတုံအရှေ့ဒေသတွင် မိုင်းမ၊ မိုင်းလား၊ ဆန်တောက်၊ ဆီလူး၊ မိုင်းဝ၊ မိုင်းဟဲ၊ ဝမ်စလောင်း၊ ကောင်းလန့်... စသည်တို့သည် စာသင်ကျောင်း အစောဆုံးဖွင့်လှစ်ပေး နိုင်ခဲ့သော မြို့ရွာများဖြစ်ကြောင်း မှတ်တမ်းများ၌ အခိုင်အမာတွေ့ရှိရပါသည်။
    ပညာရေးမှအစပြု၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှု ရရှိလာပေလိမ့်မည်။
    ထိုဖွံ့ဖြိုးတိုးတက်မှုများသည် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းသောကြောင့်၊ တစ်နည်း အားဖြင့် "ငြိမ်းချမ်းရေး"၏ အဓိပ္ပာယ်ကို ပီပီပြင်ပြင်ဖွင့်ဆိုနိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် အသိ ဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဖြစ်စဉ်များအား စဉ်ဆက်မပြတ်မောင်းနှင်နိုင်ခဲ့ခြင်းဖြစ်သည်။ အခြေခံကား ငြိမ်းချမ်းရေးပင်ဖြစ်သည်။
ပညာရေးခရီးအစ
    "စကားပြေပုံစံ" ဖြင့် သူက စာကို ဤသို့ဆက်ရေးပြန်သည်။
    "ထိုနေ့သည် ကျွန်ုပ်၏ပညာရေးခရီးအစဟု ဆိုရပေလိမ့်မည်။ ထိုနေ့ကား မူလတန်းအတန်းစုံ အောင်စာရင်းထွက်သောနေ့ ဖြစ်ပါသည်။ ရွာတွင် သူငယ်တန်းမှ စတုတ္ထ တန်းအထိသာ ပညာသင်ခွင့် ရကြပြီး ပြီးပါက နီးစပ်ရာမြို့များ သို့သွားရောက် ပညာဆက်လက်ဆည်းပူးကြရသည်။ စာမေးပွဲ အောင်သော ကျွန်တော်လည်း အများနည်းတူ မြို့တက်ပြီး ပညာသင်ရန် တာစူနေပါသည်။ သို့သော် မည်သည့်မြို့သို့သွား၍ မည်သို့နေထိုင်ပြီး ပညာသင် ကြားရမည်နည်းဟူသောမေးခွန်းက ကျွန်ုပ်၏ မိဘနှစ်ပါးကို ခြောက်ခြားစေခဲ့ပါသည်။ အကြောင်းမှာ ထိုနှစ်တွင် မိုးခေါင်၍ စပါးအထွက်နှုန်း မကောင်းသောကြောင့် ငွေကြေးကြပ်တည်းနေသော ကာလလည်းဖြစ်၍နေပါသည်။ နီးစပ်ရာမြို့ ဖြစ်သည့် နမ့်ခမ်းမြို့ပေါ်တွင်လည်း ဆွေမျိုးညာတိ၊ အသိအကျွမ်းများလည်း မရှိ၊ အိမ်ငှားရအောင် လည်း ငွေကြေးကလည်း မတတ်နိုင်။ မိဘနှစ်ပါးသည် ကျွန်ုပ်၏ပညာရေးအတွက် သက်ပြင်းတချချ နှင့် ရတက်မအေးနိုင်ခဲ့ပေ။"
    "ဖခင်ဖြစ်သူမှာ ကျွန်ုပ်အားပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်သည့် ပြင်းပြသောဆန္ဒ ရှိနေသည်။ သူကိုယ်တိုင်လည်း ရွာတွင်လေးတန်းအောင်ပြီး ကျောင်းဆက်မတက်နိုင်တော့သဖြင့် အများနည်းတူ တောင်ယာအလုပ်အား ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသည်ကို သိပ်ဘဝင်ကျဟန်တော့ မရပေ။ သားဖြစ်သူကျွန်ုပ်အား မူးယစ်ဆေးစွဲသူ၊ အဓိပ္ပာယ်မဲ့လက်နက်ကိုင်သူလည်း မဖြစ်စေချင်။ ထို့ကြောင့် ကျွန်ုပ် ကျောင်းဆက်တက်နိုင်ရန် ဗျာများနေရခြင်း ဖြစ်ပေမည်။"
    "ထိုအချိန်တွင် ရေငတ်နေသော ကျွန်ုပ်၏မိသားစုအား ရေတွင်းထဲကျဆိုသလို အခွင့်အရေး တစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ ထိုအခွင့်အရေးကား အခြားမဟုတ်။ 'ကွမ်းလုံမြို့၊ ခြေမြန်တပ်ရင်းမှ တပ်မတော်သား ဆရာကြီးတစ်ဦး ရွာသို့ရောက်လာသည်။ ရွာသူကြီးနှင့် တွေ့ဆုံကာ ကွမ်းလုံမြို့ တွင် 'ရဲညွန့်'ကျောင်းဖွင့်နေပြီဖြစ်ကြောင်း၊ ပညာသင်ကြားလိုသည့်ကလေးများ စာရင်းပေးနိုင်ပါကြောင်း၊ တက်ရောက်မည့်သူများအား ကားနှင့်လာရောက် ကြိုမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က စားရေး၊ နေရေးတာဝန်ယူ၍ အတန်းပညာများကို အခမဲ့ဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း' ရှင်းပြခဲ့ ပါသည်။"
    "ဖခင်ဖြစ်သူမှာ ထခုန်မတတ် ဝမ်းသာနေပါသည်။ စိုးရိမ်ပူပန်ပြီး ရင်ထဲကျိတ်၍ ငိုကြွေးနေရ သည်က ကျွန်ုပ်မိခင်ဖြစ်သူပါ။ ၎င်း၏သောကကို ဂရုမပြုအားဘဲ မြို့သို့သွားပြီး ကျောင်းတက်ဖို့သာ အားသန် နေသူနှစ်ဦးမှာ ကျွန်ုပ်တို့သားအဖပါ။ ကျွန်ုပ်တို့ ပျော်နေသလောက် ဖခင်ကိုကြောက်၍ မပြောသာ၊ ငိုမဲ့မဲ့နှင့် အမြဲငေးငိုင်နေခဲ့သည့် မိခင်ဖြစ်သူ၏မျက်နှာအား ပြန်စဉ်းစားမိလေတိုင်း ကျွန်ုပ် ဝမ်းနည်းမိပါသည်။"
ရဲညွန့်သင်တန်းကျောင်း ဆိုသည်မှာ
    ဤနေရာတွင် ရဲညွန့်သင်တန်းကျောင်းများအကြောင်း အကျဉ်းမျှဖော်ပြလိုပါသည်။
    ထိုကျောင်းများကို ၁၉၇၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ "နယ်စပ်ဒေသရှိ လူငယ်လူရွယ်များအား အခြားနိုင်ငံရေးအဖွဲ့အစည်းများ၏ သွေးဆောင်ဖြားယောင်းမှု၊ မူးယစ်ဆေး သုံးစွဲမှုတို့မှ ကင်းဝေးစေပြီး လမ်းမှားမရောက်စေရန်နှင့် နိုင်ငံတော်အတွက် အရန်အင်အားများ ဖြစ်စေရန်" ဖြစ်ပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ရဲညွန့်တပ်ခွဲ(၁)၊ ကွမ်းလုံမြို့ တွင် ရဲညွန့်တပ်ခွဲ(၂)၊ သိန္နီမြို့တွင် ရဲညွန့်တပ်ခွဲ(၃)၊ တန့်ယန်းမြို့တွင် ရဲညွန့်တပ်ခွဲ(၄) နှင့် မိုင်းရယ် မြို့တွင် ရဲညွန့်တပ်ခွဲ(၅) စသဖြင့် နယ်မြေခံတပ်ရင်းများတွင် တပ်ခွဲများဖွင့်လှစ်ပေးခဲ့ပါသည်။
    အဆိုပါတပ်ခွဲသင်တန်းကျောင်းများတွင် အသက် ၅ နှစ်အရွယ်မှ ၁၅ နှစ်အရွယ်အထိ လက်ခံ ပါသည်။ မူလတန်းပညာမှစ၍ လက်ခံသင်ကြားပေးခဲ့ပါသည်။ တပ်မတော်သားတစ်ဦးကဲ့သို့ မိသားစုရိက္ခာ ၅ မျိုးရရှိသည်။ သို့သော် သေနတ်တော့ ကိုင်ဆောင်ခွင့် မပြုပါ။ သင်တန်းတွင် အတန်း ပညာအပြင် ကိုယ်ခန္ဓာကြံ့ခိုင်ရေး၊ လက်နက်မဲ့စစ်ရေးပြ၊ လက်နက်ငယ် စသည့်အခြေခံစစ်ပညာများ ကိုလည်း သင်ကြားပေးသည်။ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုး‌စေရန်နှင့် နိုင်ငံတော်အား တန်ဖိုးထားတတ် စေရန် ဆုံးမသင်ကြားမှုများလည်း ပြုလုပ်ပေးပါသည်။
    ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် အဆိုပါ ရဲညွန့်သင်တန်း ကျောင်းများအား ဖျက်သိမ်း ခဲ့ပါသည်။ နိုင်ငံတော်က သင်တန်းကျောင်းများ ဖျက်သိမ်းခဲ့သော်လည်း အဆိုပါကျောင်းများမှ လူငယ် များအား ဆက်လက်ပညာသင်ကြားနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ နယ်စပ်ဒေသရှိ လူငယ်သင်တန်းကျောင်း များတွင် ကျောင်းဆက်တက်နိုင်ရန်လည်းကောင်း၊ အဆိုပါကျောင်းများမှ လူရွယ်များအား ဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင်လည်းကောင်း အလုပ်တာဝန်များခန့်အပ်၍ ထမ်းဆောင်စေခဲ့ပါသည်။
ရွာမှ ရဲညွန့်ကျောင်းသို့
    စာက ဖတ်ရှုသူအား အတိတ်ကာလဆီသို့ တဖြည်းဖြည်းဆွဲခေါ်သွားပြန်သည်။
    "ကွမ်းလုံရဲညွန့်သင်တန်းကျောင်းသို့ ကလေးများအား လာရောက်ခေါ်ဆောင်သည့် စစ်စိမ်း ရောင် FAW ကားကြီး ရွာသို့ရောက်လာတော့သည်။ ဖခင်ဖြစ်သူက 'ဟေ့ဟေ့.. မြန်မြန်လုပ်ကြဟ... ဟိုမှာသူများတွေ စုံနေကြပြီ၊ အဝတ်ထုပ် မြန်မြန်ယူခဲ့ဟေ့..' ဟု ဆော်ဩလိုက်ပါသည်။"
    "ဤသို့ဖြင့် ကျွန်ုပ်သည် ကွမ်းလုံမြို့ရှိ အမှတ်(၁၁) ရဲညွန့်သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ ပေပြီ။ ကျောင်း၌ ကျောင်းသား ၁၀၀ ဦးခန့်ရှိပြီး ပလောင်၊ ရှမ်း၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု စသည့်ဖြင့် တိုင်းရင်းသားများ စုံလင်လှပါသည်။ ရဲညွန့်ကျောင်းတပ်နေရာနှင့် ကျွန်ုပ်တို့စာသင်ရသည့် အထက ကျောင်းသည် သံလွင်မြစ် တစ်ဖက်တစ်ချက်တွင် တည်ရှိနေပြီး ကျောင်းသွားသည့်အခါ  ကျောင်းရှိရာ တပ်ရင်းမှ အထကကျောင်းသို့ တပ်မှကားဖြင့် ကြို/ပို့ ဆောင်ရွက်ပေးပါသည်။ ထိုကျောင်း၌ ပဉ္စမတန်းမှ သတ္တမတန်းအထိ ကောင်းမွန်စွာ ပညာသင်ယူခဲ့ပါသည်။ အလယ်တန်း၌ တန်ဖိုးထားရ မည့် နိုင်ငံတော်ပိုင်နက် နယ်မြေများအကြောင်း စတင်၍သိလာရပြီ။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု လိုအပ်ကြောင်း သိခဲ့ရပေပြီ။ နိုင်ငံတော်သီချင်းကို အားရပါးရ သီဆိုတတ်ခဲ့ပေပြီ။ 
အလယ်တန်းပညာနှင့် အထက်တန်းပညာ
    ပညာသင်ကြားနေစဉ် အချိုးအကွေ့တစ်ခု၏ ကောက်ကြောင်းအား ဤသို့ရေးသားထားပါသည်။
    "ထိုကွမ်းလုံရဲညွန့်ကျောင်းမှ မိုင်းရယ်နယ်မြေခံတပ်ရင်းရှိ ရဲညွန့်သင်တန်းကျောင်းသို့ ထပ်မံ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အဋ္ဌမတန်းပညာကို ဆက်လက်သင်ယူခဲ့ရပြန်သည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် တွင် ရဲညွန့်သင်တန်းကျောင်းများအားလုံး ပိတ်သိမ်းခဲ့ပါသည်။ နိုင်ငံတော်က မိုင်းရယ်နှင့် တန့်ယန်း မြို့များရှိ ရဲညွန့်မှ ကျောင်းသားလူငယ်များအား (ယခင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန) ယခု နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (တန့်ယန်း) သို့ လွှဲပြောင်းပညာသင်ကြားစေခဲ့ပါသည်။ ကျွန်ုပ်သည်လည်း တန့်ယန်းမြို့ရှိ အဆိုပါ လူငယ်သင်တန်းကျောင်းတွင် နဝမတန်းပညာကို ဆက်လက်သင်ယူခဲ့ပါသည်။"
    "နိုင်ငံတော်က ၂၀၀၀- ၂၀၀၁ ပညာသင်နှစ်တွင် နယ်စပ်ဒေသမြို့များရှိ လူငယ်သင်တန်း ကျောင်းများ၌ ပညာသင်ကြားနေသော တိုင်းရင်းသားလူငယ်များအား ပညာသင်ကြားမှုစနစ် အဆင့် ပိုမိုမြှင့်တင်ပေးနိုင်ရန် စေတနာဖြင့် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် ကျောင်းသားများအား ရန်ကုန်မြို့၊ လှိုင်မြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ပရဟိတ(ကျား)ကျောင်းသို့ ခေါ်ယူပညာသင်ကြား ပေးခဲ့ပါသည်။ နိုင်ငံတော်၏ ကျေးဇူးကြောင့် တောင်ပေါ်သားလေးကျွန်ုပ်သည် ဘယ်တုန်းကမှ မမျှော်လင့် ရဲခဲ့သော ရန်ကုန်မြို့ကြီးပြကြီးပေါ်၌ ပညာသင်ယူနိုင်သည့် အခွင့်ထူးရရှိခဲ့ပေပြီ။"
ပရဟိတ(ကျား)ကျောင်း ဆိုသည်မှာ 
    တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးပရဟိတ(ကျား)ကျောင်းနေရာသည် အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ စခန်းချခဲ့သည့်နေရာဖြစ်သည်။ ယင်းနေရာတွင် ကရင်လူမျိုး ဆရာတော်ဦးလိပ်က ကျောင်းစတင်ဆောက်လုပ် သီတင်းသုံးခဲ့သောကြောင့် တပ်တွင်းကျောင်းဟု ခေါ်တွင်ခဲ့သည်။ ၁၉၂၄ ခုနှစ် ဆရာတော်ဦးပညာဇောတ လက်ထက်တွင် ကျားဆေးတိုက်ပိုင်ရှင် ဦးအော်ဘွန်ဟော နှင့် ဦးအော်ဘွန်ပါ ညီနောင်နှစ်ဦးက လူမျိုးမရွေး အခမဲ့ပညာသင်ကြားနိုင်ရန် ကျောင်းဆောက်လုပ် လှူဒါန်းခဲ့ရာမှအစပြု၍ ကျားကျောင်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ 
    ၁၉၂၈ ခုနှစ်တွင် ဆရာတော်ဦးနန္ဒဝံသ နှင့် ဆရာတော် ဦးဉာဏိန္ဒတို့ ဆက်လက်အုပ်ချုပ်ခဲ့ပြီး အင်္ဂလိပ်- မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် မိဘမဲ့ တိုင်းရင်းသားများကို ခေါ်ယူစောင့်ရှောက်ခဲ့သဖြင့် ပရဟိတ(ကျား)ကျောင်းဟု စတင်ခေါ်ဝေါ် ခဲ့ပါသည်။ 
    ၁၉၈၈ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့တို့၏ မေတ္တာ ရပ်ခံချက်အရ နိုင်ငံတော်ကတာဝန်ယူထောက်ပံ့ပေးခဲ့ပြီး လူမှုဝန်ထမ်းအထောက်အပံ့ခံကျောင်း ဖြစ်ခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ "တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ပရဟိတ (ကျား) ကျောင်း" အမည်ဖြင့် ၂၂-၃-၁၉၉၃ ရက်နေ့တွင် ကျောင်းသားဦးရေ ၉၈ ဦး ဖြင့် ဖွင့်လှစ် ခဲ့ပြီး၊ ၃၀-၆-၁၉၉၉ ရက်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကွပ်ကဲမှုကျောင်း ဖြစ်လာပါသည်။
    ပရဟိတ(ကျား)ကျောင်းအား ၁-၁၀-၂၀၁၉ ရက်နေ့မှစ၍ နယ်စပ်ရေးရာဝန်ကြီးဌာန အစီအစဉ် ဖြင့်သာ စီမံဆောင်ရွက်ခွင့်နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးပရဟိတ (ကျား) ကျောင်းအား နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ရန်ကုန်) အဖြစ် အမည်ပြောင်းလဲ သုံးစွဲခွင့်အား အတည်ပြုခဲ့ပါသည်။
                                                                                                                                                ဝထကလသ
                                                                                                                                                (နတလ)

 

Post Paragraph