ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့၅ နှစ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၃
    ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ် ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၌ ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် ၃ နေရာခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ၂၇၂ ဦးတို့ တက်ရောက်ကြသည်။
    သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရည်မှန်းချက် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အဆင့်မြင့်ပညာများ သင်ကြားလေ့ကျင့်ပေးပြီး နယ်စပ် ဒေသများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရန် အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း ၊ ဖွံ့ဖြိုးရေးတက္ကသိုလ် စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာဒဿန ပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၁၀၉ ဦး၊ ဆရာအတတ်ပညာ ဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်း ဆရာအတတ်သင်တန်း ၄၆၁ ဦး၊ မူလတန်း ဆရာအတတ်သင်တန်း ၇၁၆၂ ဦး စုစုပေါင်း ဘွဲ့ရပညာတတ်တိုင်းရင်းသားလူငယ် ၁၃၇၈၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
 တိုးတက်နေသည့် ကမ္ဘာကြီးကို အမီလိုက်နိုင်သည့်၊ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် လူသား အရင်းအမြစ်များကို မွေးထုတ်ပေးရာတွင် ဆရာ၊ ဆရာမများ သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ တပည့်များကို ခေတ်မီပညာရပ်များ တတ်မြောက် အောင်၊ အတွေးအခေါ်မြင့်မားအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာကိုယ်တိုင်က အစဉ် လေ့လာသင်ယူသူများဖြစ်ရန် လိုအပ်ကြောင်း၊ ဆရာဆိုသည်မှာ ပညာပေးဝေသူဖြစ်ပြီး ပညာရှာမှီးနေ သူလည်း ဖြစ်ရန်လိုကြောင်း၊ တပည့်များ၏အကျိုးကို အစဉ်ရှေးရှုပြီး ကောင်းမွန်ရာကို လမ်းညွှန်ပြသ ပေးနိုင်သည့် ဆရာကောင်းများကသာ နောင်တစ်ခေတ် နိုင်ငံ့တာဝန်ကိုထမ်းဆောင်ကြမည့် အရည်အသွေး   ပြည့်ဝသည့် လူသားအရင်းအမြစ် များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း။
    သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် ဆရာ၊ ဆရာမများအဖြစ် နိုင်ငံ့တာဝန်ကိုထမ်းဆောင် ကြတော့မည် ဖြစ်သဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မား အောင်ဆောင်ရွက်ပေးကြမည့် ခေါင်းဆောင်ငယ်များအဖြစ် လည်းကောင်း၊ စိတ်ဓာတ်ကောင်းသော၊ စည်းကမ်းကောင်းသော၊ ကျင့်ဝတ်လိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် လည်းကောင်း၊ ပေးအပ်သောတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ အထူးအလေးထား မှာကြားလိုသည်မှာ ဒို့တာဝန်အရေး  ၃ ပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသား အားလုံး၏ စိတ်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရကိန်းအောင်းရှင်သန်နေစေရေး စည်းရုံးဆောင်ရွက် ပေးကြရန်၊ မိမိတို့၏ တပည့်ကျောင်းသားလူငယ်များကိုလည်း နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန်အတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စံပြထူးချွန်ဆု၊ ဆရာအတတ်ပညာ ဘာသာထူးချွန်ဆု၊ စာပေဘာသာ ထူးချွန်ဆု(သိပ္ပံတွဲ)၊ စာပေဘာသာ ထူးချွန်ဆု (ဝိပ္ပံတွဲ) ဆုရကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာပေဘာသာ ထူးချွန်ဆု(ဝိဇ္ဇာတွဲ)၊ တိုင်းရင်းဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူတို့အား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက ဆရာကြီးဦးသန်းဦး၏ ထူးချွန်ဆုရကျောင်းသူအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။ ၎င်းနောက်အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ  ၂၇၂  ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။  
    အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ကို ခင်မင်းရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ များကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားသည်။ 
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
    နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ကိုယ်စား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည် တော်များနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမနှင့် မြက်ခင်းပြင်တို့တွင် ၃ နေရာခွဲခြား၍ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload