ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား စိစစ်အတည်ပြုရွေးချယ်

နေပြည်တော် နိုဝင်ဘာလ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့် အတူ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် တက်‌ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်ခြင်း အခမ်းအနားသို့တက်‌ရောက်ခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ် (၁၃) တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ  ၁၉ ရက်နေ့ထိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် တက်‌ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း စိစစ်အတည်ပြုရွေးချယ်ခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆောင်ရွက်သည့် နေ့ရက်များတွင် တက္ကသိုလ်နှင့် ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမအသီးသီးတွင် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များ၊ ပထမနှစ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများထားရှိမည့် အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးခဲ့သည့် B.Ed ပညာရေးဘွဲ့ သင်တန်းအတွက် ၁၈၄ ဦး၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ သင်တန်း အတွက် ၃၃၀ ဦး တို့ကို B.Ed ပညာရေးဘွဲ့ ၅ နှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ‌ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးကာ B.Ed ဘွဲ့ရရှိသူများကို အထက်တန်းပြဆရာ၊ ဆရာမများအဖြစ် လည်းကောင်း၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ ရရှိသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများတွင် အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 
 

Post Paragraph