ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၁
   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့  ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌  ပါမောက္ခချုပ်၊   ဒုတိယ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ ဝန်ထမ်းရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများ မှာကြားပြီး တက္ကသိုလ် စာကြည့်တိုက်နှင့် ပြတိုက်တို့ကို ကြည့်ရှုလေ့လာသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့်   ဝန်ထမ်း ၁၄၄ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၃၇၄ ဦး စုစုပေါင်း ၁၅၁၈ ဦး တက်ရောက်ကြသည်။
   ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဝန်ထမ်းရေးရာနှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးမှာကြားရာ ဆရာ၊ ဆရာမနှင့် ဝန်ထမ်း ၁၅၀ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၉၃ ဦးတို့ တက်ရောက်ကြသည်။
   ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်သည့် နေ့ရက် သတ်မှတ်ဆောင်ရွက်ခဲ့မှု အပေါ် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် ပြည်ဖျက် မီဒီယာများက အဆိုးမြင်ဝါဒဖြင့် ထုတ်လွှင့်ဖော်ပြနေမှုများအပေါ် သုံးသပ်စဉ်းစားရန် လိုအပ်ကြောင်း၊   နိုင်ငံအချို့တွင်  ပြည်သူ့စစ်မှုထမ်းဥပဒေများ  ထုတ်ပြန်ဆောင်ရွက်နေကြ ကြောင်း၊ သတ်မှတ်ကာလ အပိုင်းအခြားအလိုက် လိုအပ်သလောက်သာခေါ်ယူပြီး ပြည်သူလူထုအား ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လတ်တလောတွင် အမျိုးသမီးများအား စစ်မှုထမ်းရန်ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း မှာကြားသည်။
   ထို့နောက် လူငယ်များဗလငါးတန်ပြည့်ဝရန်လိုကြောင်း၊ စာတတ်ရုံအတန်းအောင်ရုံ သာမက လေ့လာဖတ်ရှုမှုဖြင့် ဗဟုသုတ ကြွယ်ဝပြီး အသိပညာတိုးတက်အောင်ကြိုးစား ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အတတ်ပညာ သာမက အသိဉာဏ်ပညာတိုးတက်မြင့်မားမှသာ မိမိတို့ဘဝ အောင်မြင်မှုရရှိနိုင်သလို နိုင်ငံနှင့်ပြည်သူကိုလည်း ပိုမိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိဘဝ၊ မိမိမိသားစု၊ မိမိဒေသ၊ မိမိ ပတ်ဝန်းကျင်၊ မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် ဗလငါးတန် ပြည့်ဝရှင်သန်ရေးမှာ အရေးကြီးကြောင်း ပြောကြားသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးကောလိပ်တို့ရှိ စာကြည့်တိုက်များ အတွက် စာအုပ်၊ စာစောင်များလှူဒါန်းပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှထောက်ပံ့သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းအားကစား ပစ္စည်းများကို ပေးအပ်ခဲ့သည်။
    မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာကြည့်တိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စာအုပ်များလာရောက်ဖတ်ရှုသူများကို တွေ့ဆုံ အားပေးသည်။ ထို့နောက် ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဝက်လက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ မြောင်မြို့နယ်၊ မြင်းမူမြို့နယ်တို့မှ ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ၊ စစ်ကိုင်းဇုန်နယ်မှူးနှင့် စက်ရုံမှူး၊ ကောလင်း၊ ထီးချိုင့်၊ မိုးမိတ်တို့မှ စက်ရုံမှူးတို့အားတွေ့ဆုံ၍ ဝန်ထမ်းရေးရာနှင့် လုပ်ငန်းဆိုင်ရာများ၊ လုံခြုံရေးနှင့် မီးဘေး အန္တရာယ် ဂရုပြုရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။